ပရဟိတအသင်းများနှင့်လူမှုကူညီရေးအသင်းများမှ လူနာတင်ယာဉ်များ မှာယူပါက ရောင်းချပေးမည်

ပရဟိတအသင်းများနှင့်လူမှုကူညီရေးအသင်းများမှ လူနာတင်ယာဉ်များ မှာယူပါက ရောင်းချပေးမည်

 

ဇူလိုင် ၂၈။                      ။ ပရဟိတအသင်းများနှင့် လူမှုကူညီရေးအသင်းများမှ လူနာတင်ယာဉ်များကို မှာယူပါက နိုင်ငံတကာမှ သတ်မှတ်ထားသည့် စံနှုန်းများနှင့်အညီ လူနာတင်ယာဉ်များကို တပ်ဆင်ရောင်းချပေးသွားမည် ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန၊မြန်မာ့ဆေးဝါးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကိုကိုအောင် ကပြောသည်။

"စိတ်ဝင်စားပြီး ကျွန်တော်တို့ရဲ့ ကွာလတီကိုလည်းယုံကြည်တယ်ဆိုရင် ကျွန်တော်တို့ တပ်ဆင် ထုတ်လုပ်ပေးလို့ရပါတယ်။ တိုယိုတာမှမဟုတ်ဘူး၊ ကျန်တဲ့ဈေးနှုန်းသက်သာတဲ့ အခြားယာဉ်ကို သုံးချင်ပါတယ်။နောက် Equipment တွေမှာလည်း အမေရိကန်ကလာတဲ့ဟာတွေမှမဟုတ်ဘူး။ ကျန်တဲ့အစိတ်အပိုင်းတွေမှာလည်း အင်ဂျင်ကအစ ပစ္စည်း Branded မသုံးချင်ပါဘူးဆိုလဲရတယ်" ဟု ဦးကိုကိုအောင် ကပြောသည်။

လက်ရှိအချိန်တွင် ဂျပန်နိုင်ငံမှတင်သွင်းလာသည့် ၂၀၁၇မော်ဒယ် Hi-ace မော်တော်ယာဉ်အသစ် များကို နိုင်ငံတကာမှသတ်မှတ်ထားသည့်စံနှုန်းများနှင့်အညီ လူနာတင်ယာဉ်များအဖြစ်ပြောင်းလဲ တပ်ဆင်ထုတ်ပေးလျှက်ရှိကြောင်း သိရသည်။

"တိုယိုတာ Hi-ace ရဲ့ဒီဇိုင်းပေါ်မှာ သူရဲ့သတ်မှတ်ထားတဲ့မူလကားရဲ့အခြေအနေပေါ်မူတည်ပြီး ဒီဇိုင်းပြန်ထုတ်ရပါတယ်။ ဒီဇိုင်းထုတ်တာက ကျွန်တော်တို့ကိုယ်တိုင် စက်မှုဝန်ကြီးဌာနမှာလည်း Ambulance ထုတ်လုပ်တဲ့ အတွေ့အကြုံမရှိဘူး။ ဒါကြောင့် နိုင်ငံတကာမှာဆောင်ရွက်နေတဲ့ တူရကီ နိုင်ငံကပညာရှင်တွေနဲ့ပေါင်းပြီး ဒီဇိုင်းဆွဲပါတယ်။ တူရကီနိုင်ငံမှာပဲထုတ်လုပ်ပြီး ဒီမှာပြန်လည် တပ်ဆင်ခြင်းဖြစ်ပါတယ်" ဟု ဦးကိုကိုအောင်က ဆက်ပြောသည်။

၂၀၁၇ခုနှစ်တွင် လူနာတင်ယာဉ်များကို စက်မှုဝန်ကြီးဌာနမှစတင်တပ်ဆင်ထုတ်လုပ်ခဲ့ပြီး လက်ရှိ အချိန်တွင်အစီးရေ ၅၅စီး ထုတ်လုပ်ထားပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအတွက် ရည်ရွယ် ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"အကိုတို့ လူနာတင်ယာဉ်တွေကိုအပြင်မှာဆင်ပြီး လိုအပ်တဲ့ပစ္စည်းပဲထည့်ထားတာဆိုတော့ ဈေး ကတော့ အများကြီးကွာတယ်။ သိန်း ၇၄၀ကတော့အကိုတို့လည်းမဝယ်နိုင်ဘူး။ လောလောဆယ် တရုတ်နိုင်ငံ ထုတ်လောက်ကို ဈေးနှုန်းသက်သာစွာနဲ့လူနာတင်ကားမှာ ပစ္စည်းတပ်ဆင်နိုင်အောင် ချပေးမယ်ဆိုရင် ပိုကောင်းတာပေါ့" ဟု Golden Middle Way ပရဟိတလူမှုကယ်ဆယ်ရေးအသင်းမှ ကိုအောင်သော်( 5 Star) ကပြောသည်။

ပရဟိတလူနာတင်ယာဉ်များအနေဖြင့် Super Custom ယာဉ်လိုင်စင်ဖြင့်ကားတစ်စီးကို အပြင်မှဝယ်ယူပြီး လိုအပ်သည့်ပစ္စည်းများကိုတပ်ဆင်ပါကကျပ်သိန်း ၁၆၀ ဝန်ကျင်ကုန်ကျပြီး လိုင်စင်မဲ့ယာဉ်ကို လူနာတင်ယာဉ် အဖြစ်ပြင်ဆင်ပါကကျပ်သိန်း ၇၀ ဝန်းကျင်ကုန်ကျကြောင်း ပရဟိတလုပ်ငန်းလုပ်ကိုင်နေသူတစ်ချို့ထံမှ သိရသည်။

စက်မှုဝန်ကြီးဌာနမှ တပ်ဆင်ထုတ်လုပ်ထားသည့် လူနာတင်ယာဉ်၏တန်ဖိုးမှာ ကျပ်သိန်း ၇၄၀ ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly