ပထမအကြိမ် ဥရောပဗုဒ္ဓဘာသာလူငယ်ဖိုရမ်ကို ဒိန်းမတ်တွင် ၆ ရက်ကြာ ကျင်းပနေ

ပထမအကြိမ် ဥရောပဗုဒ္ဓဘာသာလူငယ်ဖိုရမ်ကို ဒိန်းမတ်တွင် ၆ ရက်ကြာ ကျင်းပနေ

 

ဇူလိုင် ၂၈ ။          ။ ပထမအကြိမ်ဥရောပဗုဒ္ဓဘာသာလူငယ်ဖိုရမ်ကို ဇူလိုင်လ ၂၆ ရက်မှ ၃၁ ရက်အထိ ဒိန်းမတ်နိုင်ငံ၊ကိုပေဟေဂင်မြို့ ရှိ ဓမ္မဆာရာဓမ္မအရိပ်ကျောင်းတွင် ကျင်းပပြုလုပ်နေသည်။

ဖွင့်ပွဲကို ဇူလိုင်၂၇ ရက် နံနက်ပိုင်းကပြုလုပ်ခဲ့ပြီး ဗုဒ္ဓဘာသာနှင့်သက်ဆိုင်သည့် ခေါင်းစဉ်ကြီး(၉)ခုကို အဓိထားဆွေးနွေးမည်ဟု ဖိုရမ်ကိုဦးဆောင်ကျင်းပသော ဂျာမနီနိုင်ငံ၊ဖရန့်ဖတ်မြို့၊ဓမ္မဒူတမြန်မာဗုဒ္ဓဘာသာကျောင်း၊ပဓာနနာယက ဆရာတော် ဦးကုသလသာမိက  မိန့်ကြားသည်။

"ပထမဆုံးအကြိမ်ပြုလုပ်တာဆိုတော့ ငွေကြေးကုန်ကျမှုတွေ များတာရှိသလို အခက်အခဲတွေ အများကြီးလည်းရှိခဲ့တယ်” ဟု ဆရာတော်ဦးကုသလသာမိက မိန့်ကြားသည်။

အဆိုပါ ပထမအကြိမ် ဥရောပ ဗုဒ္ဓဘာသာ လူငယ်ဖိုရမ်တွင်  အင်္ဂလန်၊နယ်သာလန်၊ နော်ဝေ၊ ဆွီဒင်၊ ဒိန်းမတ်၊ ဖင်လန်၊ ဂျာမနီနိုင်ငံများမှ အသက်(၁၄)နှစ်မှ အသက်(၃၀)နှစ်အကြား မြန်မာလူငယ် ၅၀ ကျော် တက်ရောက်ခဲ့သည်။

ဥရောပ ဒေသအနှံ့မှာ ပြန့်ကျဲရောက်ရှိနေသော မြန်မာလူငယ်များ၏  ဘာသာရေးခံယူချက်၊ဗုဒ္ဓဘာသာနှင့်ပတ်သက်သော ဗဟုသုတအတိမ်အနက်များကို ပွင့်လင်းရင်းနှီးစွာဆွေးနွေးနိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။

ဆွေးနွေးမည့် အဓိက ခေါင်းစဉ် ၉ ခုမှာ ဗုဒ္ဓဘာသာအပေါ်လူငယ်တို့ရဲ့ သဘောထားအမြင်များကိုလေ့လာခြင်း၊လွတ်လပ်ခြင်း၊ အပြန်အလှန်အကျိုးပြုခြင်းဆိုင်ရာသဘောတရားများကို ဗုဒ္ဓဝါဒရှှု့ထောင့်ကလေ့လာခြင်း၊ဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့်အနောက်တိုင်းယဉ်ကျေးမှုကို ယှဉ်တွဲလေ့လာခြင်း၊အကြောင်းအကျိုးနိယာမ သဘောတရားများကို   လေ့လာဆွေးနွေးခြင်း၊ ဗုဒ္ဓတရားတော်များထဲကအရေးပါသောဝေါဟာရများကိုမိတ်ဆက်ခြင်း၊ကျေးဇူးတရား၏အရေးပါမှုကို ဗုဒ္ဓဝါဒရှှုထောင့်ေ လ့လာဆွေးနွေးခြင်း၊ လွတ်လပ်စွာတွေးခေါ်မြော်မြင်ခြင်းဆိုင်ရာ သဘောတရားများကိုဗုဒ္ဓဝါဒရှှု့ထောင့်က လေ့လာဆွေးနွေးခြင်း၊မတူကွဲပြားသော ကိုးကွယ်ယုံကြည်များအကြောင်းဆွေးနွေးခြင်းနဲ့ နေ့စဉ်ဘဝမှာ မင်္ဂလာတရားတော်များ၏အရေးပါမှုကို မိတ်ဆက်ပေးခြင်းတို့ ဖြစ်သည်။

" ဖိုရမ်မှာ လူငယ်တွေအနေနဲ့ ဗုဒ္ဓတရားတော်တွေကို အုပ်စုဖွဲ့ဆွေးနွေးတာတွေနဲ့ အမေးအဖြေတွေကို လုပ်ဆောင်ကြတဲ့အတွက်  လူငယ်တွေစိတ်ထဲမှာ ရှိနေတဲ့ ဗုဒ္ဓတရားတော်နဲ့ပတ်သက်တဲ့ အယူအဆတွေ၊အတွေးအမြင်တွေကို အချင်းချင်းဆွေးနွေးလိုက်တာတွေ၊ မေးခွန်းထုတ်ဆွေးနွေးကြတာတွေကနေ သူတို့ စိတ်ထဲမှာဘာသာတရားနဲ့ပတ်သက်ပြီး သိချင်တာတွေ ရှင်းရှင်းလင်းလင်းဖြစ်သွားကြမယ်" ဟု ဖိုရမ်ဖြစ်မြောက်ရေး တာဝန်ခံဆရာလေးဒေါ်ကေတုမာလ  က လည်း မိန့်ကြားသည်။

ယင်းဖိုရမ်ကို ဓမ္မဆာရာဓမ္မအရိပ်ကျောင်း ပဓာနနာယကဆရာတော်ဘဒ္ဒန္တကုသလသာမိ၊မြန်မာနိုင်ငံ ကျိုက်သီမွန်ဆရာတော် ဘဒ္ဒန္တဒေါက်တာက္ကန္ဒာလင်္ကာရ ၊အင်္ဂလန်နိုင်ငံ၊လန်ဒန်မြို့၊ သုဝဏ္ဍသိင်္ဂိမိုးကုတ်ရိပ်သာရခိုင်ဆရာတော် ဘဒ္ဒန္တကဝိသာရ၊ ဆရာလေးဒေါ်ကေတုမာလတို့က ဦးဆောင်ချီးမြှင့်တက်ရောက်ခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly