မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပဲခူးမြို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပဲခူးမြို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်
ဓာတ်ပုံ - Myo Nyunt

ဇူလိုင် ၂၆ ၊ ပဲခူး ။          ။ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စိုးရိမ်ရေအမှတ်ကျော်လွန်ပြီး ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ကာ ရေဘေးဒုက္ခသည် ၄ထောင်နီးပါးရှိကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ပဲခူးမြို့ရှိ ကလျာဏီရပ်ကွက်၊ ကျွန်းသာယာရပ်ကွက်၊အိုးလေးစု၊ ဇိုင်းဂနိုင်းတောင်ပိုင်း၊ ဥဿာမြို့သစ်ရပ်ကွက်၊ ကျောက်ကြီးစုရပ်ကွက်များအပြင် မြေအနိမ်ပိုင်းရပ်ကွက်များ၌    ရေကြီးရေလျံမှုများ ဖြစ်ပွားခဲ့ပြီး ရေဘေးဒုက္ခသည်များအတွက် ဘုန်းတော်ကြီးကျောင်း ၁၁ ခုတွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားကြောင်း သိရသည်။

" ဒီတစ်ခေါက်ရေကိစ္စမှာ သက်ဆိုင်ရာတာဝန်ရှိသူတွေ စီမံခန့်ခွဲမှုဟာ ပြည်သူတွေအတွက် မလုံလောက်ခဲ့ဘူး။ အများကြီး နှောင့်နှေးတယ်။ တာဝန်ရှိတယ်လို့ တာဝန်ခံတတ်မယ်ဆိုရင်တော့ တာဝန်ယူသင့်တယ်။ အနည်းဆုံးတော့ တောင်းပန်ဝန်ခံသင့်တယ်”ဟု ပဲခူးမြို့ ဇိုင်းမြောက်ရပ်ကွက်မှ ကိုမျိုးညွန့်မှ ဝေဖန်ပြောဆိုသည်။

မြေနိမ့်ပိုင်းရပ်ကွက်များကို ဇွန်လ ၁၈ ရက်က စတင်ရေဝင်ရောက်ခဲ့ပြီး ယမန်နေ့မှ စိုးရိမ်ရေအမှတ် ကျော်လွန်ကာ ရေများ တဟုန်ထိုးတက်လာကြောင်း ဒေသခံများဆိုသည်။

ပဲခူးမြို့၏ စိုးရိတ်ရေအမှတ်သည် ၈၈၀ ဖြစ်ပြီး ဇူလိုင်လ ၂၆ရက် နေ့လယ်၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ ၉၁၉ စင်တီမီတာသို့ ရောက်ရှိနေကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly