လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

.

 

ကျနော်တို့တတွေ စကားပြေအရေးအသားအကြောင်း ပြောဆိုလာခဲ့ကြတာ တော်တော်လေးတော့ ခရီးပေါက်ခဲ့ပါပြီ။

သတိရတုန်း ၀န်ခံရမှာရှိပါတယ်။ စကားပြေအရေးအသားအကြောင်းပြောတဲ့အခါ ထင်ရှားပြီး တိုင်းပြည်က လေးစားတဲ့ စာပေပညာရှင်များရဲ့ စကားပြေဆိုင်ရာ ရေးသားမှုတွေအပေါ်အဓိက အခြေခံထား ဆွေးနွေးနေခြင်းသာ ဖြစ်ကြောင်းနဲ့ အထူးသဖြင့် ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)ရဲ့ စကားပြေသဘောတရားများအပေါ် အခြေခံထား ဆွေးနွေးနေခြင်းသာ ဖြစ်ကြောင်း၊ ဒီအခြေခံအပေါ်မှာ ကျနော့်ရဲ့ချဲ့ထွင်စဉ်းစားမှု ကျနော့်ရဲ့စကားပြေဆိုင်ရာ အတွေ့အကြုံများအပေါ်မူတည်ပြီးမှ ဆွေးနွေးနေခြင်းသာဖြစ်ကြောင်း ရှင်းပြလိုပါတယ်။

ကောင်းပါပြီ။ ဒီကနေ့လည်း စိတ်ဝင်စားဖို့ကောင်းတဲ့ စကားပြေအကြောင်းအရာဆီ ဆက်ကြရအောင်ပါ။ ဒီကနေ့ စတင်ဆွေးနွေးမှာကတော့ “တွဲလုံး” များဆိုတဲ့ အကြောင်းအရာပါပဲ။

မြန်မာစာပေမှာ တွဲပြီးအသုံးပြုတဲ့တွဲလုံးစကားလုံးတွေရှိပါတယ်။ အဲဒီ တွဲလုံးတွေဟာ အဓိပ္ပါယ်တူစာလုံးတွေနဲ့ အဓိပ္ပါယ်ဆက်စပ်မှု ရှိနေတဲ့စာလုံးတွေကို အတွဲလိုက် တွဲသုံးတဲ့ စကားလုံးတွေပါပဲ။ ဥပမာ  “ ဖွင့်လှစ်၊ ဆင်းသက်၊ တားမြစ်”အစရှိတဲ့စကားလုံးမျိုးတွေပါပဲ။

တွဲလုံးတွေထဲမှာ နဂိုကတည်းက တစ်လုံးချင်းအဓိပ္ပါယ်ရှိပြီး ဖြစ်ခဲ့ကြတာမှန်ပေမယ့် တွဲလုံးအဖြစ်အသုံးပြုဖန်များလို့ ကြာလာတဲ့အခါ ခွဲသုံးရင်ပဲ အဓိပ္ပါယ်မပြည့်စုံတော့သလိုလို မလေးနက်တော့သလိုဖြစ်လာရတဲ့ တွဲလုံးတွေလည်း ရှိပါတယ်။ ဥပမာ “ဖွင့်လှစ်” ဆိုတဲ့ တွဲလုံးဆိုပါတော့။ သူ့မှာ  တစ်လုံးချင်းအရ အဓိပ္ပါယ်ပြည့်စုံပြီးဖြစ်ပါတယ်။ “ဖွင့်” ဆိုတဲ့စာလုံးနဲ့ “လှစ်” ဆိုတဲ့စကားလုံး နှစ်လုံးဟာ အဓိပ္ပါယ်ကိုယ်စီ ပြည့်ပြီး ရှိပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့ “ရွှေသေတ္တာကြီးကို ဖွင့် သည်” လို့ရေးရင် ပြည့်စုံပါတယ်။ “ရွှေသေတ္တာကြီးကို လှစ် သည်”လို့ရေးရင်လည်း ရပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အဲဒီ ဖွင့်နဲ့လှစ်ကိုတွဲပြီး “ဖွင့်လှစ်” ဆိုပြီး တွဲရေးလာကြပါတယ်။ ရေးပါများတော့ “ဖွင့်” ဆိုတဲ့စကားလုံးက “ဖွင့်လှစ်” ဆိုတဲ့တွဲလုံးလောက် မပြည့်စုံ မလေးနက်တဲ့ စကားလုံးလိုလို ယူဆလာကြပြီး “ဖွင့်လှစ်” ဆိုတဲ့စကားလုံးကိုပဲ အသုံးများလာကြပါတော့တယ်။ နောက်ပိုင်းမှာ တွဲလုံးအသုံးပြုမှုဟာ စကားပြေနယ်ပယ်မှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါတော့မယ်။

ဒါပေမယ့် သတိပြုသင့်တဲ့အချက်တချို့လည်း ရှိပါသေးတယ်။ တွဲလုံးတွေ အများကြီးအသုံးပြုလာကြတာ၊ တွဲလုံးရေးနည်းခေတ်စားလာတာမှန်ပေမယ့် တချို့အကြောင်းအရာတွေမှာကြတော့ တွဲပြီးမရေးဘဲ ခွဲပြီး တစ်လုံးတည်းအသုံးပြုရေးသားတာဟာ တွဲပြီးရေးတာထက် ပိုပြီး အဓိပ္ပါယ်ထင်ရှားစေတာမျိုးလည်း ရှိပါတယ်။ အထူးသဖြင့် တစ်လုံးတည်းအသုံးပြုရေးတဲ့ရေးနည်းကို တိုရှင်း လိုရင်း အဓိကဖြစ်တဲ့ သတင်းနယ်ပယ်မှာ အသုံးပြုသင့်ပါတယ်။

ခေါင်းဆောင်ကြီး ဦးလှသည် မနက်ဖြန်မနက်တွင် ပဲခူးမြို့သို့ သွားရောက် လိမ့်မည်ဆိုတဲ့စာကြောင်းမှာ သွားရောက် ဆိုတဲ့တွဲလုံးကို အသုံးပြုရေးသားတာ တွေ့ကြမှာပါ။ ဒါက အဓိပ္ပါယ်ဆက်စပ်တဲ့စာလုံးနှစ်လုံးတွဲရေးတဲ့ တွဲလုံးပါ။ ဒါပေမယ့် သေသေချာချာစဉ်းစားကြည့်ရင် သွားတောင်မှမသွားရောက်ရသေးဘဲ ရောက် ဆိုတဲ့စာလုံးနဲ့တွဲသုံးလိုက်တာဟာ သင့်တော်ပါရဲ့လား။ ပိုမိုလေးနက်စေချင်လို့ ရေးလိုက်တာမှန်ပေမယ့် ရောက် ဆိုတဲ့စကားလုံးကိုဖြုတ်ပြီး သွား ဆိုတဲ့စကားလုံးတစ်လုံးတည်းသုံးရင်ကော မဖြစ်နိုင်ဘူးလား။ တကယ်တော့ တိုရှင်းလိုရင်း ကိုအခြေပြုရတဲ့ သတင်းနယ်ပယ်မှာ ဒီလိုသတင်းခေါင်းစဉ်မျိုးကို အထူးသတိပြုရေးကြရမှာပါ။ သွားရောက်လိမ့်မည် လို့ မရေးဘဲ သွားလိမ့်မည် လို့ရေးတာက ပိုပြီး မှန်ကန်သင့်လျော်တာတွေ့ကြရမှာပါ။ ဒါ့အပြင် သတင်းနယ်ပယ်သုံးအယူအဆအရပြောရရင် မရောက်သေးခင်ကတည်းက ရောက်လိမ့်မည် ဆိုတဲ့အဓိပ္ပါယ်သက်ရောက်တာဖြစ်လို့ အကယ်၍များ နောက်တနေ့တွင် ခေါင်းဆောင်ကြီး ပဲခူးကို အကြောင်းတစ်ခုခုကြောင့် မရောက်ခဲ့သည်ရှိသော် ဒီသတင်းဟာ မှားတဲ့သတင်းလို့တောင် ထင်ခံရစရာ ရှိသွားပါတယ်။ ဒါကတော့တွဲလုံးများအသုံးပြုတဲ့အခါ သတိချပ်ရမယ့် ကိစ္စပါ။

သတင်းစာခေါင်းစဉ်တစ်ခုမှာ မောင်စိန်ကို “ဖမ်းဆီး”သည်လို့ ရေးမယ့်အစား “ဖမ်းဆီး” တွဲလုံးကိုဖြုတ်ပြီး “ဖမ်း”သည် လို့ရေးရင် ပိုပြီးရှင်းလင်းထိရောက်တာတွေ့ရပါလိမ့်မယ်။ ဒါလည်း တွဲလုံးမသုံးသင့်တဲ့အကြောင်း သတိပြုကြရမှာဖြစ်ကြောင်း ဆွေးနွေးတာပါ။

နောက်ထပ်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့တွဲလုံးတွေရှိပါသေးတယ်။ “ပျော်ပွဲရွှင်ပွဲ၊ ဓလေ့ထုံးစံ၊ စားပွဲသောက်ပွဲ၊ နေရာဒေသ၊ ဆင်းရဲဒုက္ခ၊ အကျင့်သီလ” အစရှိတဲ့တွဲလုံးအမျိုးအစားပါပဲ။ ဒီတွဲလုံးရဲ့ထူးခြားချက်က နာမ်အချင်းချင်းတွဲသုံးထားတဲ့အချက်ပါပဲ။ ဒါလည်း တစ်ခုချင်းစီခွဲရေးတာထက် တွဲလုံးအနေနဲ့ရေးရင် ပိုပြီးလေးနက်စေလိမ့်မယ်ဆိုတဲ့အယူအဆအပေါ်မူတည်ပြီး ဖြစ်ပေါ်လာတဲ့ တွဲလုံးတွေလို့ပဲ ယူဆရပါတယ်။

နောက်ထပ် တွဲလုံးအမျိုးအစား ရှိပါသေးတယ်။ “ဦးခင်မောင်သည် ပဲခူးသို့သွားရန်အလို့ငှာ ကားဆိပ်သို့ရောက်လာသည်” ဆိုတဲ့စာကြောင်းမှာ “သွားရန်” လို့ရေးရင်ရရဲ့သားနဲ့ “သွားရန်အလို့ငှာ” လို့ နောက်ဆက်၊ စကားဆက် များကို တွဲထားတဲ့ တွဲလုံးကိုသုံးသွားတာတွေ့ကြရမှာပါ။ “ချစ်သူနဲ့အတူ” လို့ရေးရင် ရရဲ့သားနဲ့ “ချစ်သူနှင့်အတူတကွ” လို့ရေးတဲ့ တွဲလုံးမျိုးတွေဟာ နောက်ဆက် စကားဆက်များကို တွဲသုံးတဲ့ တွဲလုံးများပါပဲ။

နောက်ထပ်ရှိပါသေးတယ်။ ကြိယာအထူးပြုစကားလုံးတွေကို တွဲလုံးအဖြစ် အသုံးကြတာမျိုး။ ဥပမာ “လျင်လျင်မြန်မြန်၊ ဖြတ်ဖြတ်လတ်လတ်” အစရှိတဲ့တွဲလုံးအမျိုးအစားတွေဟာ ကြိယာအထူးပြုစာလုံးတွဲ တွဲလုံးများပဲဖြစ်ပါတယ်။

ကဲ ဒီကနေ့တော့ တွဲလုံးများအကြောင်းပြောရင်းနဲ့ ဒီမှာတွင်ခဏရပ်နားရပါလိမ့်မယ်။

လူငယ်များ စကားပြေအရေးအသား မှန်ကန်ကြွယ်ဝ လှပနိုင်ကြပါစေဗျား။