မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ၂၀၁၇ အရ Blacklist စာရင်းမသွင်းဘဲ ဥပဒေအတိုင်းအရေးယူမည်

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ၂၀၁၇ အရ Blacklist စာရင်းမသွင်းဘဲ ဥပဒေအတိုင်းအရေးယူမည်
Photo-DICA

ဇူလိုင် ၂၅။ ။မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ တွင် စည်းကမ်းဖောက်ဖျက်သော ကုမ္ပဏီများကို Blacklist စာရင်း သွင်းမည်မဟုတ်ဘဲ ဥပဒေချိုးဖောက်မှုများရှိပါက ဥပဒေအတိုင်းဆောင်ရွက်သွားမည်ဟု   မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး က ပြောသည်။

"ကျွန်တော်တို့ ကုမ္ပဏီဥပဒေများ Blacklist လုံး၀ မရှိဘူး။ ကုမ္ပဏီဥပဒေမှာ ဥပဒေကို လိုက်နာတဲ့ ကုမ္ပဏီနဲ့ မလိုက်နာတဲ့ ကုမ္ပဏီပဲ ရှိမယ်။ ကုမ္ပဏီတစ်ခုက ဥပဒေချိုးဖောက်ရင် ဥပဒေအတိုင်းပဲ သွားမယ်" ဟု ဦးအောင်နိုင်ဦး က ပြောသည်။

ကုမ္ပဏီတစ်ခုအနေဖြင့် ဥပဒေချိုးဖောက်ရာတွင် ၂ မျိုးရှိနိုင်ပြီး ကုမ္ပဏီဥပဒေကို ချိုးဖောက်ခြင်းနှင့် အခြားသော ဥပဒေများကို ချိုးဖောက်ခြင်းများရှိနိုင်ကြောင်း ၊ ကုမ္ပဏီဥပဒေတွင် ဒါရိုက်တာတစ်ဦး လိုက်နာရမည့် တာဝန်ကို ပြဌာန်းထားပြီး လိုက်နာမှုမရှိလျှင် ပြစ်မှုအပေါ်မူတည်ကာ ငွေဒဏ်၊ ထောင်ဒဏ်များဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အခြားသော ကုန်သွယ်မှု၊ အကောက်ခွန်စသည့် ဥပဒေများချိုးဖောက်ခဲ့ပါက သက်ဆိုင်ရာဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

“အရင် တပ်မတော်အစိုးရလက်ထက်၊ သမ္မတ ဦးသိန်းစိန် အစိုးရတို့ နောက်ဒီဘက်ခေတ်မှာလည်း သက်ဆိုင်ရာစာချုပ်ကို ချိုးဖောက်တဲ့ဟာမျိုးတွေပေါ့၊ ဝန်ကြီးဌာနတွေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေကို ချိုးဖောက်မယ်။ အခွန်မဆောင်ဘူး၊ တိမ်းရှောင်မယ်။ အဲဒါမျိုးတွေဆိုရင် Blacklist လုပ်ခဲ့တာမျိုးတွေ ရှိတယ်။ အရင်ကတော့ နိုင်ငံတော်အစိုးရနဲ့ ပတ်သက်တဲ့ စာချုပ်တွေမှာချိုးဖောက်တဲ့သူတွေကို သတိပေးတာတို့ Blacklist လုပ်တာတို့ အဲလိုမျိုးတွေ လုပ်တယ်” ဟု ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ကို သြဂုတ်လ ၁ရက်တွင် စတင်ကျင့်သုံးမည်ဖြစ်ပြီး ထိုဥပဒေအရ မှတ်ပုံတင်ထားသော ကုမ္ပဏီများနှင့် သက်တမ်းပျက်ကုမ္ပဏီများ အားလုံး အွန်လိုင်းမှတစ်ဆင့် ပြန်မှတ်ပုံတင် ရမည် ဖြစ်သည်။

ကုမ္ပဏီတစ်ခု၏ နေရာ၊ ဒါရိုက်တာ၊ ရှယ်ယာဝင်များစသည့် အများပြည်သူနှင့် ဆိုင်သော အချက် အလက် များကို သိရှိနိုင်ရန် Directorate of Investment and Company Administration (DICA) ၏ ဖေ့စ်ဘွတ်ခ်စ ာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags