လာအို ဆည်ကျိုးပြီးနောက် လူ ၁၉ ဦးသေဆုံးဟု ပြည်တွင်းမီဒီယာတွင် ဖော်ပြ

လာအို ဆည်ကျိုးပြီးနောက် လူ ၁၉ ဦးသေဆုံးဟု ပြည်တွင်းမီဒီယာတွင် ဖော်ပြ

ဇူလိုင် ၂၅ ။            ။ လာအိုနိုင်ငံတောင်ပိုင်းမှာ ယမန်နေ့က ဆည်တစ်ခု ကျိုးပေါက်လို့ ရုတ်တရက် အကြီးအကျယ် ရေလွှမ်းမိုးမှုဖြစ်ပြီးနောက် လူ ၁၉ ဦးသေဆုံးကာ လူပေါင်း ၃,၀၀၀ ကျော်လောက်ကို ကယ်ဆယ်သွားရဖို့ ရှိနေတယ်လို့ ပြည်တွင်းသတင်းမီဒီယာတွေက ဇူလိုင် ၂၅ ရက်မှာ ဖော်ပြပါတယ်။

ယခုအချိန်မှာ လူ ၃,၀၀၀ ကျော်လောက်ကို ကယ်တင်ဖို့ လိုအပ်နေကြောင်း၊ အခြား လူပေါင်း ၂,၈၅၁ ဦးကိုတော့ ကယ်တင်ထားပြီးပြီ ဖြစ်ကြောင်း ဒေသ အုပ်ချုပ်ရေးမှူး Bounhom Phommasane ကို ကိုးကားပြီး Vientiane Times က ဖော်ပြပါတယ်။

ယင်းဖြစ်စဉ်မှာ သေဆုံးသူ ၁၉ ဦးခန့် ရှိကြောင်း ယင်း သတင်းဌာနက ဖော်ပြပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ ယင်း ဆည်ကျိုးမှုဖြစ်ပြီးနောက် ရုပ်အလောင်း ၁၇ လောင်း ပြန်ရှာတွေ့ထားကြောင်း ယင်းနေရာမှာ ရောက်ရှိနေတဲ့ ထိုင်းကောင်စစ်ဝန်ရုံး အရာရှိတစ်ဦးကလည်း အေအက်ဖ်ပီကို ဇူလိုင် ၂၅ မှာ ပြောပါတယ်။

ဇူလိုင် ၂၄ ရက်မှာ ဆည် ကျိုးပေါက်ကျပြီး ပွင့်ကျလာတဲ့ ရေထုဟာ အနီးအနား ဧရိယာတွေကို ဖုံးလွှမ်းစေခဲ့ရာ နေအိမ်အမြောက်အမြား ရေလွှမ်းခံလိုက်ရသလို လူအမြောက်အမြား ပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။

ယင်းဖြစ်စဉ်မှာ Xe-Namnoy ဆည်အနီးက ကျေးရွာ အများအပြား ရေဖုံးလွှမ်းခံလိုက်ရတယ်လို့ ၎င်းက ထပ်လောင်းပြောပါတယ်။

" သေတဲ့သူတွေအားလုံးက လာအိုတွေချည်းပါပဲ၊ ဒီ ဆည်အနီး ရွာ ရှစ်ရွာက လူပေါင်း ၆,၀၀၀ ကျော်လည်း  အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်" လို့ ၎င်းက ပြောသွားပါတယ်။

ယခုအချိန်မှာတော့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကိုလုပ်ဆောင်နေလျက်ရှိပြီး စင်ကာပူအစိုးရကလည်း လိုအပ်တဲ့ အကူအညီတွေ ပေးဖို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly