အခွန်နှင့် ဒဏ်ကြေးလျော့ချပေးရန် မော်တော်ယာဉ်တင်သွင်းသူများ ဆန္ဒထုတ်ဖော်

အခွန်နှင့် ဒဏ်ကြေးလျော့ချပေးရန် မော်တော်ယာဉ်တင်သွင်းသူများ ဆန္ဒထုတ်ဖော်
ဓာတ်ပုံ-သက်ကို
 

ဇူလိုင် ၂၄။        ။လုပ်ငန်းသုံး Delivery Van အုပ်စု(C) Type ကွဲလွဲသတ်မှတ်ခြင်းပယ်ဖျက်ခြင်းပေးရန်နှင့် အုပ်စု (D) အတွက် မော်တော်ယာဉ်တင်သွင်းနှင့် သက်ဆိုင်သောကော်မတီမှ အခွန်သတ်မှတ်ကောက်ခံမှု လျော့ချပေးရန် မော်တော်ယာဉ်တစ်ပိုင်တစ်နိုင်တင်သွင်းသူဟု ဆိုသူများက ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့သည်။

ဇူလိုင်လ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့ ကျိုက္ကဆံလူထုဟစ်တိုင်ကွင်း၌ ဆန္ဒဖော်ထုတ်မှု ပြုလုပ်ခဲ့ပြီး အချက် ၆ ချက် ကို တောင်းဆိုခဲ့ကြသည်။

"ကျွန်တော်တို့သည် သတ်မှတ်စည်းကမ်းနှင့် အညီတင်သွင်းပါတယ်။ ဒါကြောင့် သတ်မှတ် စည်ကမ်းနှင့်အညီ အုပ်စု (C)လို့သူတို့သတ်မှတ်ထားတဲ့ အုပ်စုကိုတော့ ဒဏ်မဆောင်နိုင်ပါဘူး။ ဒါပေမယ့် သူတို့ပြောတဲ့ အိမ်စီး ကားကို ပြုပြင်ပြီးတော့ သွင်းလာတဲ့ အုပ်စု (D) ကိုတော့ ဒဏ်ရိုက်ပါ။ ဒါပေမယ့် အခုရိုက်ထားတဲ့ဒဏ်ကြေး သည် များတဲ့အတွက် မဆောင်နိုင်တာကြောင့် တစ်ဝက်လောက်တော့ လျော့ပေးပါလို့ ကျွန်တော်တို့က တောင်းဆိုချင်တယ်" ဟု ကားတင်သွင်းသူ ကိုမြတ်မင်းချစ် ကပြောသည်။

Delivery Van ယာဉ်များကို ဒဏ်ကြေးပေးဆောင်ရန် မတတ်နိုင်ခြင်းကြောင့် ရန်ကုန်ဆိပ်ကမ်းတွင် ထုတ်ယူခြင်း မရှိသေးသော ယာဉ်အစီးရေ ၃၈၀ ခန့်ရှိပြီး နယ်စပ်မြဝတီတွင် ယာဉ်အစီးရေ  ၂၀၀၀ ခန့် ရှိကြောင်း မော်တော်ယာဉ်တင်သွင်းရောင်းဝယ်သူများထံမှ သိရသည်။

မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများကြီးကြပ်ရေးကော်မတီမှ Delivery Van ယာဉ်များ တင်သွင်းရာတွင် ယာဉ်များဘေးတွင်ရှိသော သံပြားပိတ်ဖြစ်ရန်၊ ယာဉ်မောင်းနှင့် အနောက် ခန်းကြားတွင် သံပြားကာရံခြင်း၊ ကြမ်းခင်းတစ်ပြေးညီဖြစ်ရန်နှင့် နောက်ခန်းထိုင်ခုံမပါရန် သတ်မှတ် ထားသော်လည်း တင်သွင်းသူအချို့မှ လူစီးယာဉ်များအား ထိုင်ခုံဖြုတ်၍ ပြန်လည် ပြင်ဆင်တင်သွင်းမှုများ ရှိခဲ့သည့်အတွက် ဒဏ်ရိုက်ခဲ့ခြင်းဖြစ်သည်။

ဆိပ်ကမ်းမှ ဒဏ်ကြေးမပေးဆောင်နိုင်ခြင်းကြောင့် ထုတ်ယူခွင့်မရရှိသောကားအများစုမှာ အင်ဂျင်ပါဝါ ၆၆၀စီစီ နှင့် အင်ဂျင်ပါဝါ ၁၅၀၀စီစီကားများဖြစ်ပြီး ဆိပ်ကမ်းတွင်ထားခမပါဝင်ဘဲ ဒဏ်ကြေး အနိမ့်ဆုံး ကျပ် ၁၇သိန်းမှ အမြင့်ဆုံး ကျပ်သိန်း ၅၀အထိ ပေးဆောင်ရနိုင်ကြောင်း မော်တော်ယာဉ်တင်သွင်း ရောင်းဝယ်သူများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly