မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာဝယ်ယူရန် လျှောက်လွှာများ ရောင်းချနေ

မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာဝယ်ယူရန် လျှောက်လွှာများ ရောင်းချနေ

မန္တလေးတိုင်းဒေသကြီးအတွင်းမှာ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတွေနဲ့ အငြိမ်းစားဝန်ထမ်းတွေကို မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာဝယ်ယူရန်လျှောက်လွှာများကို ဇူလိုင်လ ၂၄ ရက်၊မနက် ၉ နာရီကနေစတင်ပြီး မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ရောင်းချပေးနေပါတယ်။

ချမ်းမြသာစည်မြို့နယ်၊မြရည်နန္ဒာရပ်ကွက်မှာ အကောင် အထည်ဖော်တည်ဆောက်ပြီးစီးတဲ့ RC ၄ ခန်းတွဲ ၆ ထပ် အဆောက်အအုံ ၂၈ လုံး၊အိမ်ခန်း တစ်ခန်းလျှင် ၆၆၁ စတုရန်းပေရှိ အခန်းပေါင်း ၆၇၂ ကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ရောင်းချပေးသွားမှာလည်း ဖြစ်ပါတယ်။

"မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာစီမံကိန်းက အားလုံးပေါင်း တိုက်က ဒီလကုန်ပြီးမှာ ၂၈ လုံး၊ ၄ ခန်းတွဲ ၆ ထပ် ၂၈လုံး တစ်ခန်းကို ၆၆၁ စတုရန်းပေရှိမှာပေါ့။ အဲဒါတွေကို ကျွန်တော်တို့က နိုင်ငံ့ဝန်ထမ်းတွေရယ်၊ အငြိမ်းစားဝန်ထမ်းတွေကို ကျွန်တော်တို့က ရောင်းချပေးမှာဖြစ်ပါတယ်။"လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင် ဦးခိုင်မြင့်က ပြောပါတယ်။

အိမ်ရာတွေအတွက် ဇူလိုင်လ ၂၄ ရက်ကနေ သြဂုတ်လ ၇ ရက်နေ့အထိ လျှောက်လွှာတွေ ရောင်းချပေးသွားမှာဖြစ်ပြီး အဲဒီလျှောက်လွှာတွေကို သြဂုတ်လ ၁ ရက်နေ့ကနေစပြီး၁၄ ရက်နေ့အထိ ပြန်လည် လက်ခံပေးသွားမယ်လို့ သိရပါတယ်။

လျှောက်လွှာ လာရောက်ဝယ်ယူတဲ့ အငြိမ်းစားမီးရထားဝန်ထမ်းတစ်ဦးဖြစ်သူ ဦးမျိုးမြင့်က "လက်ရှိ ပင်စင်ထိုင်တဲ့သူတွေကို ဦးစားပေးသင့်တယ်။ ဝန်ထမ်းတွေကတော့ လက်ရှိမှာ အလုပ်ရှိတယ်ဆိုတော့ ဘာပဲဖြစ်ဖြစ်သူတို့က အဆင်ပြေသေးတာပေါ့။ အငြိမ်းစားရသွားတဲ့သူတွေကတော့ အဆင်မပြေနိုင်တော့ဘူး။ " လို့ ပြောပါတယ်။

မန္တလေးတိုင်းပညာရေးမှူးရုံးက စာရေး(၂)ဦးမောင်ထိုက်က"ပင်စင်သွားခါနီးပြီ ဆိုတော့ ရရင်တော့ အဆင်ပြေတာပေါ့။ မရဘူးဆိုရင်တော့ နိဂုံးက ချုပ်ပြီ ။ လုပ်သက် ၄၂ နှစ်နဲ့ဒါဝန်ထမ်းပဲ။အခုလည်း ဝန်ထမ်းအိမ်ရာလေး ပညာရေးက ပေးထားလို့နေရတာ။ ဝန်ထမ်းအိမ်ရာကတော့ အစိုးရအိမ်ရာဆိုတော့ ထွက်ရမှာလေသူက ပင်စင်သွားရင်တော့။  ပင်စင်မသွားခင်သာ နေထိုင်ခွင့်ရှိတာ။မဟုတ်ရင် ပြည့်ရင် နှင်ထုတ်တော့မှာ။ ဒါမှ မရဘူးဆိုရင်ပြီးပြီ။"လို့ ပြောပါတယ်။

"လက်ရှိအစိုးရအနေနဲ့ တာဝန်ထမ်းဆောင်နေတဲ့ ကျွန်တော်တို့ ဝန်ထမ်းတွေနဲ့ အငြိမ်းစား ဝန်ထမ်းတွေကိုပေါ့ ။ အဆင်ပြေပြေလေးနဲ့ အိုးပိုင်၊ အိမ်ပိုင်လေးဖြစ်သွားအောင် ကောင်းမွန်တဲ့ ရည်ရွယ်ချက်လေးနဲ့ ရောင်းပေးတာ ဖြစ်ပါတယ်။"လို့ ဦးခိုင်မြင့်က ပြောပါတယ်။

အငြိမ်းစားဝန်ထမ်းတွေနဲ့နိုင်ငံဝန်ထမ်းတွေကို တန်းဖိုးမျှတအိမ်ရာ လျေှက်လွှာတွေရောင်းချပေးနေပေမယ့် ဘယ်လိုပုံစံမျိုးနဲ့ ချပေးသွားမယ်ဆိုတာတော့ မသိရသေးဘူးလို့ ဦးခိုင်မြင့်က ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly