စည်းကမ်းမဲ့အမှိုက်စွန့်ပစ်နေပါက တိုင်းပြည်တိုးတက်ရေး အနှောက်အယှက် ဖြစ်လာနိုင်

စည်းကမ်းမဲ့အမှိုက်စွန့်ပစ်နေပါက တိုင်းပြည်တိုးတက်ရေး အနှောက်အယှက် ဖြစ်လာနိုင်

 

ဇူလိုင် ၂၁။        ။ စွန့်ပစ်အမှိုက်များအတွက် ငွေကြေးအမြောက်အများကုန်ကျခံကာ လုပ်ဆောင်နေသော်လည်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ရန် အနှောက်အယှက်များ ဖြစ်လာနိုင်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောသည်။

ဇူလိုင် ၂၁ရက်က အောင်ဆန်းအားကစားကွင်း(မိုးလုံလေလုံခန်းမ)တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် Clean Yangon တို့ပူးပေါင်းပြုလုပ်သည့် "အမှိုက်လျော့ချရေးနှင့် စွန့်ပစ်အမှိုက်စီမံခန့်ခွဲရေး" အသိပညာပေးဟောပြောပွဲတွင်ဒေါ်ဖြူဖြူသင်းက ပြောခဲ့ခြင်း ဖြစ်သည်။

"အချိန်ပြည့် ဒီအမှိုက်ကိစ္စတွေကိုဘဲ ကျွန်မတို့ရှင်းနေမယ်ဆိုရင် ကျွန်မတို့နိုင်ငံရဲ့ တစ်ခြား လိုအပ်ချက်တွေ ဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေးကိစ္စတွေကို ကျွန်မတို့က ပြန်ပြီးတော့ ဘယ်လိုမျိုး ဖြေရှင်းကြမှာလဲ။ ဒါတွေကိုလည်း ကျွန်မတို့ပြန်ပြီးစဉ်းစားဖို့လိုပါတယ်" ဟု ဒေါ်ဖြူဖြူသင်းက ပြောသည်။

စွန့်ပစ်အမှိုက်ကိစ္စအတွက် လျော့ချမှုများပြုလုပ်နိုင်ရန် မူလတန်း၊ အလယ်အတန်းများတွင် သင်ရိုးညွှန်းတမ်း များလုပ်ဆောင်ပြီး ကျောင်းသားလူငယ်မှ တစ်ဆင့် အမှိုက်များကို ခွဲခြား စွန့်ပစ်နိုင်လုပ်ဆောင်နေကြောင်း သိရသည်။

"အဓိက Clean Yangon အနေနဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ပူးပေါင်းပြီးတော့ ၂၀၁၈ခုနှစ် စာသင်နှစ်မှာ ရန်ကုန်တစ်တိုင်းလုံးကကျောင်းတွေကိုကျွန်တော်တို့ စတင် ဆောင်ရွက်မှာဖြစ်တယ်။ စမှာက လှိုင်သာယာမြို့နယ်ပေါ့။ လှိုင်သာယာမြို့နယ်ကိုရွေးတာက ရန်ကုန်မှာ ကျောင်းသား ဦးရေ ၂သိန်းကျော် ရှိတယ်။ လှိုင်သာယာမှာကျောင်း ၅၈ကျောင်းရှိတယ်။ ၅၈ကျောင်းမှာ ကျောင်းသားဦးရေက ၉၈၀၀၀ ကျော် ရှိတယ်။ ရန်ကုန်မြို့မှာရှိတဲ့ကျောင်းသားဦးရေရဲ့ ထက်ဝက်လောက် လှိုင်သာယာမြို့နယ်မှာရှိတဲ့အတွက် စပြီးရွေးချယ်တာ ဖြစ်တယ်" ဟု Clean Yangon အဖွဲ့မှ တာဝန်ခံ ကိုဇေယျာထွန်းက ပြောသည်။

၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းစစ်တမ်းအရ ရန်ကုန်မြို့လူဦးရေနှင့်အမှိုက်ထွက်ရှိမှုသည် တစ်နေ့လျှင် အမှိုက် တန်ချိန် ၂၅၀၀ခန့်ထွက်ရှိနေပြီး ယခုကဲ့သို့ထွက်ရှိနေသော စွန့်ပစ်အမှိုက်များကို လျော့ကျ အောင် တစ်ဦးချင်းမှထွက် ရှိလာသောအမှိုက်များကို လျော့ချလုပ်ဆောင်သွားရန်လိုအပ်ကြောင်း Clean Yangon အဖွဲ့မှသိရသည်။

စွန့်ပစ်အမှိုက်များလျော့ကျလာအောင် ၂၀၁၈ခုနှစ် ဇူလိုင်လမှစတင်ပြီး လှိုင်သာယာမြို့နယ်ရှိ စာသင်ကျောင်းများတွင် တစ်ပတ်လျှင်တစ်ကျောင်းနှုန်းဖြင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီနှင့် Clean Yangon အဖွဲ့တို့ပူးပေါင်းကာ အသိပညာပေးမှုများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

Clean Yangon အဖွဲ့သည် ရန်ကုန်မြို့တွင်ရှိသည့် ပရဟိတအဖွဲ့ ၅၀ ကျောကို ်စုစည်းပြီး အမှိုက်နှင့် ပတ်သက်သည့် အသိပညာပေးလှုံ့ဆော်မှုများကို ဆောင်ရွက်နေသည်မှာ ၁နှစ်ကျော်ရှိပြီးဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly