ရန်ကုန်တိုင်းအတွင်း စက်ရုံလုပ်ငန်းများတိုးတက်လာသည် ဆိုသည့်အပေါ် ဒေါ်စန္ဒာမင်း မေးခွန်းထုတ်

ရန်ကုန်တိုင်းအတွင်း စက်ရုံလုပ်ငန်းများတိုးတက်လာသည် ဆိုသည့်အပေါ် ဒေါ်စန္ဒာမင်း မေးခွန်းထုတ်

ရန်ကုန်၊ ဇူလိုင် ၂၁ ။              ။ ရန်ကုန်တိုင်းအတွင်း စက်ရုံလုပ်ငန်းများ တိုးလာသည်ဟု ပြောဆိုခဲ့သော တိုင်းအစိုးရအား လှိုင်သာယာစက်မှုဇုန်ရှိ ပိတ်သိမ်းခဲ့သော စက်ရုံ ၁၄ ခုစာရင်းပြသ၍ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက မေးခွန်းထုတ်လိုက်သည်။

ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တာဝန်ကိုယူထားရသည့် ဒေါ်စန္ဒာမင်းက ဇူလိုင်လ ၂၀ ရက်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရသို့ မေးခွန်းထုတ်ခဲ့ခြင်းဖြစ်သည်။

"ကျွန်မဆီကိုရောက်ရှိလာသော ထပ်မံပိတ်သိမ်းမည့် စက်ရုံစာရင်းတွေကို ကြည့်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရကစက်ရုံလုပ်ငန်းပေါင်း ခြောက်ရာလောက်တိုးလာတယ်လို့ပြောလို့ ဘယ်ကိန်းဂဏန်းကို အခြေခံပြီးများ ပြောတာပါလိမ့်လို့ စဉ်းစားနေမိတယ်" ဟု ဒေါ်စန္ဒာမင်း က ရေးသားထားသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယခုတစ်ပတ်အတွင်း ပြုလုပ်ခဲ့သည့် ဘီဘီစီ သတင်းဌာနနှင့် အင်တာဗျုးတွင် ၎င်းတို့အစိုးရလက်ထက်၌ အထည်ချုပ်လုပ်ငန်း ၂၀၀ ဝန်းကျင်မှ ၆၀၀ ဝန်းကျင်အထိ တိုးတက်လာကြောင်း ပြောကြားထားသည်။

မေလ ၇ ရက်နေ့မှ ဇူလိုင်လ ၇ ရက်နေ့အထိ ရန်ကုန်တိုင်းအတွင်း ပိတ်သိမ်းခဲ့သည့် စက်ရုံ၁၄ ခု စာရင်းတွင် အထည်ချုပ်စက်ရုံ ၄ ခု၊ လူသုံးကုန်ပစ္စည်းလုပ်ငန်းများ၊ အစားအသောက်လုပ်ငန်းများ ပါဝင်နေပြီး နာမည်ကြီး အမှတ်တံဆိပ်များထဲမှ ဝါးဟားဟား ရေခဲမုန့်၊ Beauty Palace၊ မြို့မ ဆင်ဖြူတော် ပဲဆီသန့် စသည့် လုပ်ငန်းများလည်း ပါဝင်နေသည်။

"အကြောင်းအမျိုးမျိုးဖြစ်နိုင်ပါတယ်။ မရပ်တည်နိုင်တာတွေလည်းဖြစ်နိုင်သလို အလုပ်သမား ပြဿနာတွေရော၊ သူတို့ရဲ့ဈေးကွက်ရဲ့အနေအထားတွေလည်း ဖြစ်နိုင်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒါသဘာဝပဲလေ။ ဖွင့်ပြီးရင် တစ်သက်လုံးဖွင့်ဖို့ဆိုတာမဖြစ်နိုင်ဘူးလေ။ အဓိကကတော့ ကိုယ့်ရဲ့ အားနည်းချက်၊ကုန်ကြမ်းဝယ်ယူမှု ကုန်ချောထုတ်မှု အလုပ်သမားရှားပါးမှု အမျိုးစုံပေါ့ ။ အမျိုးစုံပေါ့" ဟု ရွှေလင်ဗန်းစက်မှုဇုန်မှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောသည်။

အဆိုပါ ပိတ်သိမ်းမည့် စက်ရုံများတွင် ကျား ၅၈၉ ဦး၊ မ ၃၁၅၀ ဦး စုစုပေါင်း အလုပ်သမား ၃၇၃၉ ဦး လုပ်ကိုင်နေသည်ဟု စာရင်းများအရ သိရသည်။

"စက်ရုံပိတ်တယ်ဆိုရင်တော့ လျော်ကြေးပေးပြီးမှပိတ်တာတွေပါ။ လုပ်ထုံးလုပ်နည်းအရတော့ သက်ဆိုင်ရာစက်ရုံတွေက ဒီတိုင်း ဘလိုင်းကြီးတော့ ပိတ်တာတော့မဟုတ်ပါဘူး။ သူတို့လျော်ကြေး ပေးစရာရှိတာလျော်ကြေးပေးမယ်။ တချို့စက်ရုံကျတော့လည်း တခြားရုံကိုပေါင်းလိုက်တာမျိုးတွေ ရှိမယ်။ ဆိုရရင် သူတို့တခြားရုံတွေကိုရွေ့တယ်ပေါ့နော်၊ ရွေ့ရင် လိုက်ချင်တဲ့အလုပ်သမားက လိုက်သွားပါလိမ့်မယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေး စီမံကိန်းနှင့် စီးပွားရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက မဇ္ဈိမကို ပြောသည်။

NLD အစိုးရလက်ထက်တွင် ယခုလပိုင်းအတွင်း လေကြောင်းလိုင်းများ ၊ ဟိုတယ်လုပ်ငန်းများ ၊ စက်ရုံ အလုပ်ရုံများ လုပ်ငန်းရပ်နားခြင်းတို့ကို ဆက်တိုက်ပြုလုပ်လျှက်ရှိနေကြောင်း ပြည်တွင်းရှိ သတင်းမီဒီယာ များတွင် ဖော်ပြလျှက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly