ထိပ်တန်းနိုင်ငံရေးသမားတွေနဲ့ ဘောလိ၀ုဒ်ကြယ်ပွင့်တွေ လာစားသုံးလေ့ရှိတဲ့ နှစ် တစ်ရာကျော် သက်တမ်းရှိ အိန္ဒိယ ဂျလေဘီဆိုင်

ထိပ်တန်းနိုင်ငံရေးသမားတွေနဲ့ ဘောလိ၀ုဒ်ကြယ်ပွင့်တွေ လာစားသုံးလေ့ရှိတဲ့ နှစ် တစ်ရာကျော် သက်တမ်းရှိ အိန္ဒိယ ဂျလေဘီဆိုင်

နယူးဒေလီ၊ ဇူလိုင် ၁၈ ။          ။ အိန္ဒိယမြို့တော် ဒေလီမြို့ဟောင်းအတွင်းမှာ ဖွင့်လှစ်ထားတဲ့ Old Famous Jalebi Wala ဆိုင်ဟာ အိန္ဒိယရိုးရာ ဂျလေဘီမုန့်ချိုကို ပြင်ဆင်ရောင်းချပေးနေတဲ့ နှစ်ပေါင်း ၁၄၀ နီးပါး ရှိပြီဖြစ်ပြီး ဆိုင်ကိုလာရောက်စားသုံးတဲ့ ဖောက်သည်တွေမှာ ထိပ်တန်းနိုင်ငံရေးသမားတွေနဲ့ ဘောလိဝုဒ် ရုပ်ရှင်ငွေကြယ်ပွင့်တွေပါ ပါဝင်နေပါတယ်။

အဟစ်ရှိဂျင်းဟာဆိုရင် ဂျလေဘီ ပြုလုပ်ရောင်းချတဲ့ ဒီမိသားစုဆိုင်ရဲ့ လေးဆက်မြောက် မျိုးဆက်ဖြစ်ပြီး နေ့စဉ် နံနက် ငါးနာရီ ခွဲတာနဲ့ ဆိုင်ပြင်ဆင်ခင်းကျင်းပြီး ဂျလေဘီ မုန့် စတင်ပြုလုပ်တော့ပါတယ်။

အဘေးဖြစ်သူထံက အမွေဆက်ခံခဲ့တဲ့ ဂျလေဘီပြုလုပ်နည်းကိုတော့ ဒီမိသားစုအနေနဲ့ လျှို့ဝှက်ချက်အဖြစ် ထိန်းသိမ်းထားကြပါတယ်။

“ပစ္စည်းအမယ်တွေ ပေါင်းစပ်ပြီး မုန့်ပြုလုပ်တာကိုတော့ ဘယ်သူမှ ပေးမသိဘူးဗျ။ မိုးလင်းတာနဲ့ ကျွန်တော် ဆိုင်ကိုလာပြီး မုန့်တွေ စလုပ်တော့တာ ဖြစ်တယ်။”လို့ အဟစ်ရှိဂျင်းက ဆိုပါတယ်။

ဂျလေဘီ တစ်ကီလိုရဲ့ ကုန်ကျစရိတ်ဟာ ရူပီ ၅၀၀ ( ဒေါ်လာ ၇ ဒဿမ ၃ ဒေါ်လာခန့်) ဖြစ်ပါတယ်။

“တော်တော်များများကတော့ မုန့် ၁၀၀ ဂရမ် အဝယ်များကြတာဖြစ်တယ်။ ဒါဟာ တစ်ခါစားစာပေါ့။ ဒီပမာဏဟာလည်း လူတစ်ဦးအတွက် ကောင်းကောင်းဝပါတယ်။”ဆိုပြီး အဟစ်ရှိဂျင်းက ပြောပါတယ်။

မိသားစုလုပ်ငန်းဖြစ်ပြီး အောင်မြင်ကြီးပွားနေတဲ့ ဒီ Old Famous Jalebi Wala ဆိုင်ကို အဟစ်ရှိဂျင်းရဲ့ အဘေးဖြစ်သူ လာလာနမ်က ၁၈၈၀ ခုနှစ်တွေမှာ အစပျိုးခဲ့တာဖြစ်ပါတယ်။

အဲဒီကာလက လာလာဟာ အိတ်ကပ်ထဲ နှစ်ရူပီးထဲပဲ ပါလာပြီး တောအရပ်ကနေ ဒေလီမြို့တော်ဆီ တက်လာခဲ့ကာ စီးပွားရှာဖွေခဲ့ရာက ခုလို မျိုးရိုးစဉ်ဆက် အမွေဆက်ခံရတဲ့ ဆိုင်လုပ်ငန်းကို တည်ထောင်ဖွင့်လှစ်နိုင်ခဲ့တာဖြစ်တယ်လို့ ဂျင်းက ပြောခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly