ရွေးကောက်ပွဲမှာ ရုရှခြေထိုးမှု ဖြစ်နိုင်တယ်လို့ သမ္မတ ထရမ့်က ပြင်ဆင်ပြောပြန်

ရွေးကောက်ပွဲမှာ ရုရှခြေထိုးမှု ဖြစ်နိုင်တယ်လို့ သမ္မတ ထရမ့်က ပြင်ဆင်ပြောပြန်

ဝါရှင်တန်၊ ဇူလိုင် ၁၈ ။              ။ ရုရှသမ္မတ ဗလာဒီမာပူတင်နဲ့ ဖင်လန်နိုင်ငံမှာ ထိပ်သီးတွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းအနေနဲ့ စကားမှားခဲ့ကြောင်း ဇူလိုင် ၁၇ ရက်မှာ သတင်းထောက်တွေကို ပြန်ပြင်ပြောလာပါတယ်။

ရုရှဟာ ၂၀၁၆ အမေရိကန် ရွေးကောက်ပွဲမှာ နှောင့်ယှက်စွက်ဖက်မှုတွေ လုပ်ဆောင်ခဲ့တာ အလွန်ဖြစ်နိုင်တယ်လို့ ပြောလိုခြင်း ဖြစ်ကြောင်း ထရမ့်က အလေးအနက် ပြောလာတာဖြစ်ပါတယ်။

ဖင်လန်နိုင်ငံက သတင်းစာရှင်းလင်းပွဲမှာ ရွေးကောက်ပွဲကာလက ရုရှခြေထိုးမှုတွေ ရှိတယ်လို့ အမေရိကန်ထောက်လှမ်းရေး အေဂျင်စီတွေက ကောက်ချက်ချထားတာကို ဆန့်ကျင်ပြီး ဗလာဒီမာပူတင်ဖက်က ရပ်တည်ကာကွယ်သလို ပြောကြားခဲ့တဲ့ သမ္မတ ထရမ့်ကို သူ့ရဲ့ ရီပတ်ဘရီကန်ပါတီကရော၊ ဒီမိုကရက်ပါတီကပါ ဝေဖန်ရှုတ်ချမှုတွေ ထွက်ပေါ်ခဲ့ပြီးနောက်မှာ ထရမ့်ဟာ ခုလို ပြင်ဆင်ပြောလာတာပဲ ဖြစ်ပါတယ်။

ဇူလိုင် ၁၆ ရက်က ဖင်လန်နိုင်ငံမြို့တော် ဟယ်ဆင်ကီမှာ ပူတင်နဲ့ ပူးတွဲသတင်းစာရှင်းလင်းမှုအတွင်း သတင်းထောက်တစ်ဦးက ရွေးကောက်ပွဲမှာ ရုရှခြေထိုးတယ်လို့ အမေရိကန် ထောက်လှမ်းရေးရဲ့   ကောက်ချက်ချထားမှုကို လက်ခံမခံ၊ ဒါမှမဟုတ် ပူတင်ရဲ့ အာမခံစကားကို လက်ခံမခံ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ပူတင်ဟာ အမေရိကန်ရွေးကောက်ပွဲမှာ ရုရှက ဘယ်တုန်းကမှ စွက်ဖက်နှောင့်ယှက်ခြင်း မရှိဘူးလို့ ထရမ့်ကို ပြောထားပါတယ်။

သတင်းထောက်ရဲ့ မေးခွန်းကို ထရမ့်က “ကျွန်တော်ရဲ့ လူတွေက ကျွန်တော်ဆီ လာပြီး ပြောကြတယ်။ ရွေးကောက်ပွဲမှာ စွက်ဖက်နှောင့်ယှက်တာဟာ ရုရှလက်ချက်ဖြစ်တယ်လို့ သူတို့ထင်ကြောင်း ပြောတယ်။ ဒီမှာ သမ္မတ ပူတင် ရှိနေတယ်။ သူကလည်း ရုရှက ဒီလို မလုပ်ဘူး ပြောတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ပြောရလိမ့်မယ်။ ရုရှက ဒါမျိုး လုပ်လိမ့်မယ့် အကြောင်းရင်း ကျွန်တော်တော့ မမြင်မိဘူး ဆိုတာပါပဲ။”လို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဒီ မှတ်ချက်ပြုစကားကြောင့် ထရမ့်အနေဖြင့် ၎င်း လက်အောက်က ထောက်လှမ်းရေးအေဂျင်စီတွေရဲ့ ကောက်ချက်ချထားမှုကို မျက်ကွယ်ပြုပြီး သမ္မတ ပူတင်ကို အကာအကွယ်ပေး ရပ်တည်တယ်ဆိုကာ နိုင်ငံရေးသမားတွေ အများစုကြား စိတ်ဆိုးဒေါသ ထွက်စရာ ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags