ရန်ကုန်၊ ဇူလိုင် ၁၄ ။ ။ ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်တွင် ဓာတ်လိုက်သေဆုံးခဲ့သည့်ကလေးအတွက် EPC မှ ရက်လည်သည် အထိ ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း သေဆုံးသူ၏ ဦးလေးဖြစ်သူ ဦးဝင်းမြင့်က မဇ္ဈိမသို့ ပြောသည်။
"မနေ့ကတည်းက လာတယ်၊ မနက်ကလည်း လာတယ်။ သူတို့မှာ ကူညီပံ့ပိုးရမယ့်ဝတ္တရား ရှိပါတယ်။ အဲဒီတော့ ကိုယ့်ဆီက ကလေးတစ်ယောက် ဖြစ်တဲ့အတွက်လည်း သူတို့က နားလည်မှု ရှိတယ်။ နားလည်မှု ရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့က ဘယ်လိုလုပ်ပါ မပြောဘူး။ သူတို့ကပဲ ၇ ရက် ရက်လည်တဲ့အထိ ဒီကလေးကိစ္စမှာ အကုန်လုံး လိုလေသေးမရှိ ပံ့ပိုးကူညီသွားမယ်။ လိုအပ်တာတွေ ပြောပါတဲ့"ဟု သေဆုံးသူ၏ ဦးလေး ဦးဝင်းမြင့်က ပြောသည်။
အဆိုပါ သေဆုံးမှုအတွက် မကျေနပ်သည်များရှိသော်လည်း လူသေဆုံးပြီးဖြစ်၍ မကျေနပ်သည်များကို ထုတ်မပြောလိုတော့ကြောင်း ဦးဝင်းမြင့်က ဆိုသည်။
ဖြစ်စဉ်မှာ အသက် ၁၃ နှစ်အရွယ်၊ ၈ တန်းကျောင်းသား မောင်မျိုးမင်းထွန်းသည် ဇူလိုင်လ ၁၃ ရက်နေ့ ညနေပိုင်းကျူရှင်နားချိန်တွင် အပြင်ခဏ ထွက်သွားရာမှ တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းပေါ်၌ ရေဝပ်နေရာပေါ်တွင် ဖြတ်သန်းသွားလာစဉ် ပြတ်ကျနေသော ဓာတ်ကြိုးကို နင်းမိပြီးနောက် ရေထဲလဲကျခဲ့ရာမှ သေဆုံးခဲ့ရခြင်း ဖြစ်သည်။
သို့ရာတွင် ဓာတ်လိုက်ခြင်းသည် အသက်သေဆုံးသည်အထိ မဟုတ်ဘဲ ဆေးရုံသို့ မပို့မီ လဲကျချိန်၌ အသက်ရှိနေနိုင်ကြောင်းလည်း ဦးလေးဖြစ်သူက ဆိုသည်။
"အဘက်ဘက်က အကုန်ကူညီသွားတဲ့အခါကျတော့ ကျွန်တော်တို့မှာ ပြည့်စုံပါတယ်။ မပြည့်စုံဘူး ဆိုတာ မရှိပါဘူး။ ဒါပေမယ့် မပြည့်စုံတာ ကိုယ့်တူတစ်ယောက်ဆုံးသွားတာပဲ မပြည့်စုံတာပါ။ အဲဒါပါ" ဟု ဦးဝင်းမြင့် က ဆက်ပြောသည်။
တောင်ဥက္ကလာပမြို့နယ် ၇ရပ်ကွက်တွင်နေထိုင်ခဲ့သည့် သေဆုံးသူ မောင်မျိုးမင်းထွန်းတွင် မိသားစု ၈ ယောက် ရှိနေပြီး ၎င်းအား ရေဝေးသုဿန်သို့ ဇူလိုင်လ ၁၅ ရက်နေ့၌ ပို့ဆောင်သဂြိုလ်သွားမည်ဖြစ်သည်။
အဆိုပါဖြစ်ရပ်အတွက် EPC မှ နာရေးကူညီမှုအသင်းအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များက လာရောက် ကူညီခဲ့ကြသည်ဟု သေဆုံးခဲ့သူ၏ မိသားစုဝင်များဘက်မှ သိရသည်။