လူငယ်နဲ့ ကဗျာ (၆)

ကဗျာနဲ့ပတ်သက်ပြီးပြောရရင် ကျနော်တို့ဒီကနေ့ လေ့လာဖတ်ရှုခွင့်ရနေတဲ့ မြန်မာကဗျာအရေအတွက်ဟာ အင်မတန်နည်းတယ်လို့ ပြောနိုင်ပါတယ်။ ခေတ်တိုင်းခေတ်တိုင်း ကဗျာဝါသနာရှင်တွေ၊ ကဗျာဆရာတွေ အထိုက်အလျောက် အများအပြားပေါ်ပေါက်ခဲ့ ရှိခဲ့မယ်ဆိုတာကတော့ အသေအချာပါပဲ။ ဒါပေမယ့်လည်း စနစ်တကျသိမ်းဆည်းထားရစ်ဖို့ အခက်အခဲရှိတာရယ်၊ ရာသိိီကာလတိုက်စားမှုဒဏ်ကြောင့်ရယ်ကြောင့် ကဗျာတွေ ပျောက်ပျက်ကုန်ကြရတာ ဖြစ်နိုင်ပါတယ်။ နှစ်တစ်ထောင်ဝန်းကျင်အတွင်း ပျက်ဆီးဆုံးရှုံးရတဲ့ကဗျာအရေအတွက်ဟာ အခုလက်ရှိကျနော်တို့ဖတ်ရှုလေ့လာခွင့််ရနေတဲ့ ကဗျာအရေအတွက်ထက်ပင်လျင် ပိုများကောင်းများနေလိမ့်မယ်ထင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူမျိုးတမျိုးအနေနဲ့ အမျိုးသားအမွေအနှစ််ရတနာများဖြစ်တဲ့ကဗျာတွေကို ဒိီလောက်အထိ စုဆောင်းသိမ်းပိုက်ထားမိတာနဲ့တင် ဂုဏ်ယူကြရမှာပါပဲ။

အလျဉ်းသင့်လို့ စိ်တ်ဝင်စားဖို့လည်းကောင်းပြီး ကိုယ့်အမျိုးသားအမွေအနှစ်ရတနာဖြစ်တဲ့ ကဗျာဖွံ့ဖြိုးမှုအခြေအနေကို တခြား ကမ္ဘာ့နိုင်ငံတချို့ရဲ့ စာပေဖြစ်ပေါ်မှု အထူးသဖြင့် ကဗျာဖွံ့ဖြိုးတိုးတက်မှုအခြေအနေနဲ့ ချိန်ထိုးနှိုင်းယှဉ်စဉ်းစားဖို့ကောင်းတဲ့အချက်တချို့ ပြောပြချင်ပါသေးတယ်။

ဒါက ဘာပြုလို့ပြောရသလဲဆိုတော့ စာပေမြင့်မှ လူမျိုးမြင့်မယ်၊ စာပေတင့်မှ လူမျိုးတင့်မယ်ဆိုတဲ့စကားအရ ကိုယ်ဘယ်လောက်ခရီးရောက်နေသလဲဆိုတာ ကိုယ့်ဖါသာတစ်ယောက်ထဲ သစ်တစ်ပင်ဝါးတစ်ပင်အောက်ထိုင်ပြိီး သတ်မှတ်လို့ရကောင်းတဲ့အရာမဟုတ်ပါဘူး။ အများတကာနဲ့နှိုင်းယှဉ်ပြီးမှ ကမ္ဘာနဲ့ချိန်ထိုးပြီးမှ သတ်မှတ်ရတာမျိုးဖြစ်ပါတယ်။ ဒါမှ ကိုယ့်တစ်ယောက်ထဲ အထိီးကျန်ဖြစ်ပြီး ကမ္ဘာကြီးနဲ့ အဆက်အသွယ်မပြတ် ကိုယ့်အခြေအနေကိုယ်သိနိုင်မှာပါ။

ဥပမာ ကျနော်တို့နိုင်ငံက ကုန်းဘောင်ခေတ် ကဗျာဆရာမ လှိုင်ထိပ်ခေါင်တင်က ဘောလည်သိီချင်းကဗျာနဲ့ စိန်ခြူးရယ်တဲ့ ကြာညောင်ကြာညောင်ဆိုပြိီး မျှော်တော်ယောင်လုပ်နေတဲ့အချိန် ဥရောပမှာက ကားလ်မတ်က်စ်က အရင်းကျမ်းကိုရေးပြီး အလုပ်သမားလူတန်းစားအဖို့ နှောင်ကြိုးမှတပါး အခြားဆုံးရှုံးစရာမရှိလို့ ကြွေးကြော်လိုက်တဲ့အချိန် ဖြစ်နေပါတယ်။

တခြားချိန်ထိုးလေ့လာစရာ အချက်အလက်တွေ အများကြီးရှိပါသေးတယ်။ ကျနော်ဆိုလိုတာက မြန်မာကဗျာဖွံ့ဖြိုးတိုးတက်မှု အားကောင်းသထက်ကောင်းဖို့ဆိုရင် ကိုယ့်ထက်ပိုပြီးအားကောင်းတယ်လို့သတ်မှတ်လို့ရတဲ့သူတွေဆီက နည်းကောင်းလမ်းကောင်းကို လေ့လာကြရမှာပါပဲ။ အသိအမှတ်ပြု လေ့လာကြရမှာပါပဲ။ မြန်မာကဗျာဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကမ္ဘာကြီးပေါ်မှာ အထိီးကျန်လို့ အဆက်ပြတ်လို့ မဖြစ်ပါဘူး။

ဒါကတော့ ကြံုကြိုက်လို့ စဥး်စားမိတာလေး ညှပ်ပြောလိုက်တာပါ။ ကမ္ဘာကြီးနဲ့ အဆက်မပြတ်ဖို့ ကိုယ့်ကိုယ်ကို အထီးကျန်မဖြစ်ဖို့ဆိုတာက ကဗျာမှရယ်လို့မဟုတ်ပါဘူး။ ဘယ်အရာ ဘယ်နယ်ပယ် ဘယ်ပညာရယ်လို့မဟုတ်ပါဘူး။ နယ်ပယ်အားလုံး ဒီအတိုင်းချည်းပါပဲ။

ဒီနေရာမှာ တခြားယဉ်ကျေးမှုပိုတင့်တဲ့နိုင်ငံတချို့ ကဗျာအရေးအသား ကဗျာအယူအဆတွေကိုလေ့လာရင်း မြန်မာကဗျာဖွ့ံဖြိုးတိုးတက်ဖို့ ကြိုးစားခဲ့ကြတဲ့ အထင်ကရ စာပေလှုပ်ရှားမှုတစ်ခုအကြောင်း ပြောပြချင်ပါသေးတယ်။

၁၉၂၀ ခုနှစ်ကျော်ကာလတုန်းက ကျနော်တို့နိုင်ငံကို နယ်ချဲ့အင်္ဂလိပ်က တိုက်ခိုက်သိမ်းပိုက်ထားတဲ့အချိန် နှောင်းပိုင်းကာလ ဆိုပါတော့။ ကျနော်တို့လူမျိုးတွေ ကျွန်ဘဝက လွတ်မြောက်ဖို့ ခေတ်မီတိုးတက်တဲ့ ရုန်းကန်မှုအသစ်တွေ ရှာဖွေကြ တီထွင်ကြ နည်းလမ်းရှာကြတဲ့အချိန် ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းအတွင်းမှာ အမျိုးသားစိတ်နဲ့ယှဉ်ပြီး စာပေလှုပ်ရှားမှုတစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။ ခေတ်စမ်းစာပေလှုပ်ရှားမှုရယ်လို့ အမည်တွင်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုအတွင်းမှာပဲ ခေတ်စမ်းကဗျာရယ်လို့လည်း ပေါ်ပေါက်ခဲ့ပါတယ်။

၁၉၂၀ လွန်ကာလမှာ မြန်မာပညာတတ်တချို့က ရန်ကုန်တက္ကသိုလ်မှာ မြန်မာစာဌာနရယ်လို့ ထားချင်ကြပါတယ်။ ဒီတော့ အင်္ဂလိပ်အစိုးရ ပညာရေးအာဏာပိုင်တွေက မြန်မာစာဌာနရယ်လို့ ထားနိုင်လောက်အောင် ဖွင့်လှစ်သင်ကြားနိုင်လောက်အောင် မြန်မာစာပေမှာ အဆင့်မီတဲ့စာပေတွေကော ရှိရဲ့လားလို့မေးလာခဲ့ပါတယ်။ ဒီတော့မှ မြန်မာစာပေပညာရှင်တွေဟာ မြန်မာစာပေအမွေအနှစ်တွေကို စနစ်တကျရှာဖွေဖေါ်ထုတ် စုဆောင်းရပါတော့တယ်။ ဒါ့အပြင် မြန်မာ တက္ကသိုလ်ပညာတတ်လူငယ်တချို့လည်း မြန်မာစာပေကို သည့်ထက်ဖွံ့ဖြိုးတိုးတက်ဖို့ နည်းလမ်းရှာကြပြန်ပါတယ်။ အဲဒိီအခါကြမှ မြန်မာကဗျာမှာ ဟိုး အနောက်တိုင်းကဗျာတွေထဲကအတိုင်း အကြောင်းအရာနယ်ပယ်ကို ချဲ့ထွင်ကြဖို့ လုပ်လာကြပါတယ်။ ကဗျာရဲ့အဝန်းအဝိုင်းကိုချဲ့ထွင်လိုက်ကြပါတယ်။ ကဗျာတွေထဲမှာ သာမာန်ပတ်ဝန်းကျင်အကြောင်းအရာတွေ တွင်တွင်ကျယ်ကျယ် စတင်ထည့်သွင်းရေးစပ်ကြပါတော့တယ်။ ကဗျာရဲ့အကြောင်းအရာနယ်ပယ်ကို အရင်ကထက်ပိုပြီး ကျယ်ပြန့်အောင် ချဲ့လိုက်ကြပါတယ်။ ကဗျာတွေ ပိုပြီးအရောင်စုံလာစေခဲ့ပါတယ်။ အတိအကျပြောရရင် မြန်မာကဗျာကို နန်းတော်ပရဝဏ်အတွင်းကနေပြီး မင်းစိုးရာဇာ အဝန်းအဝိုင်းကနေပြီး အပြင်ဘက် လူထုကြားရောက်လာအောင် ဆွဲခေါ်လာကြတဲ့သဘောပါပဲ။ သဘာဝပန်းဝန်းကျင်တွေ၊ လူ့သဘာဝ အနေအထားတွေကို သစ်လွင်တဲ့စကားလုံးဝေါဟာရတွေနဲ့ ဖေါ်ပြလာကြပါတုယ်။ ဒါကို အဲဒီလှုပ်ရှားမှုကို ခေတ်စမ်းစာပေလှုပ်ရှားမှုရယ်လို့ မှတ်တမ်းတင်ခဲ့ကြပါတယ်။

ဒါကိုအနှစ်ချုပ်ရရင် ခေတ်စမ်းစာပေလှုပ်ရှားမှုဟာ ကျနေ်ာ်တို့လူမျိုး ကျနော်တို့စာပေအခြေအနေကို ကမ္ဘာကြီးနဲ့အဆက်ပြတ်နေခဲ့ရာက အထီးကျန်ပြီး နောက်ကျကျန်ရစ်နေရာက ကမ္ဘာနဲ့ရင်ဘောင်တန်းဖို့ ကြိုးစားခဲ့ကြတဲ့သဘောပါပဲ။

ကဲ ဒီကနေ့တော့ ဒီလောက်ပါပဲ။ နောက်နေ့တွေမှာ ကဗျာအကြောင်းဆက်ပြီး ပြောကြဆွေးနွေးကြသေးတာပေါ့။

လူငယ်များ ကဗျာကိုပိုပြီး လေ့လာနိုင်ကြပါစေ။ ကဗျာတွေထဲက ဘဝနဲ့ဒဿနကို ရှာဖွေတွေ့ရှိနိုင်ကြပါစေ။

  1. လူငယ်နဲ့ ကဗျာ ( ၁ )

  2. လူငယ်နဲ့ ကဗျာ ( ၂ )

  3. လူငယ်နဲ့ ကဗျာ ( ၃ )

  4. လူငယ်နဲ့ ကဗျာ ( ၄ )

  5. လူငယ်နဲ့ ကဗျာ ( ၅ )

Mizzima Weekly