ရန်ကုန်စည်ပင်နယ်အတွင်း ခေတ်မမှီတော့သည့် မီးပွိုင့် ၁၅၄ ခု နိုင်ငံတကာအဆင့်မှီ ပြောင်းလဲမည်

ရန်ကုန်စည်ပင်နယ်အတွင်း ခေတ်မမှီတော့သည့် မီးပွိုင့် ၁၅၄ ခု နိုင်ငံတကာအဆင့်မှီ ပြောင်းလဲမည်
photo - The Mirror

စက်တင်ဘာ ၂ ရက် ။        ။ ရန်ကုန်မြို့စည်ပင်နယ်နိမိတ်အတွင်းရှိ ခေတ်မမှီတော့သည့် မီးပွိုင့် ၁၅၄ ခုအား နိုင်ငံတကာ အဆင့်မီ အချက်ပြမီးပွိုင့်စနစ်များအဖြစ် နိုဝင်ဘာ ၃၀ ရက်မှ စတင်ပြီး ရက်ပေါင်း ၁၈၀ အတွင်းပြီးစီးရန် တင်ဒါအောင်သည့် ကုမ္ပဏီများက တည်ဆောက်သွားမည်ဟု နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြသည်။

ယခင်က ရန်ကုန်မြို့တွင်တပ်ဆင်ထားသော အချက်ပြမီးပွိုင့်များမှာ တစ်ပွိုင့်နှင့် တစ်ပွိုင့်ဆက်စပ်မှု မရှိ၍ ယာဉ်ကြောကြပ်တည်းမှု ဖြေရှင်းရန် အလွန်ခက်ခဲသောကြောင့် တင်ဒါစနစ်ဖြင့် အဆင့်မီ တပ်ဆင် မည်ဟုဆိုသည်။

ပြည်တွင်းပြည်ပနှင့် JV အပါအဝင် ကုမ္ပဏီပေါင်း ၂၈ ခု လျှောက်လွှာတင်ထားပြီး တင်ဒါစီစစ်ရွေးချယ် ရေး ကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့် ကနိုင်ငံတကာတင်ဒါစနစ်အတိုင်း ပွင့်လင်းမြင်သာစွာ စနစ်တကျ ရွေးချယ်မည်ဟု သိရသည်။

တင်ဒါစီစစ်ရွေးချယ်ရာတွင် တင်ဒါစီစစ်ရွေးချယ်ရေးကော်မတီပညာရှင်အဖွဲ့က အမှတ်ပေးစနစ်ဖြင့် ရွေးချယ်မည်ဟုဆိုသည်။ "မီးပွိုင့်စနစ်ကို ရေရှည်အသုံးပြုနိုင်ပြီး အနာဂတ်တွင် ပိုမိုများလာမည့် ယာဉ်အရေအတွက်ကို ကြိုတင်မျှော်မှန်းပြီး ကောင်းမွန်လွယ်ကူစွာ ပြုပြင်ထိန်းချုပ်နိုင်သည့် ဒီဇိုင်းများ ကို ရွေးချယ်ပေးသွားမည်" ဟု သတင်းကဖော်ပြသည်။

အချက်ပြမီးပွိုင့် ဗဟိုထိန်းချုပ်စက်ရုံကို ပြည်သူ့ဥယျာဉ်အတွင်း နက္ခတ်တာရာပြခန်းအနီး၌ တည် ဆောက်မည်ဖြစ်သည်။

မီးပွိုင့်တည်ဆောက်မှုအတွက် အစိုးရမှ ၂၀ ဘီလီယံကျပ် အသုံးပြုမည်ဖြစ်ပြီး တင်ဒါအောင် ကုမ္ပဏီ များအား နှစ်သက်ရာ မြို့နယ်အလိုက်ရှိ မီးပွိုင့်အရေအတွက်အလိုက် ခွင့်ပြုဆောင်ရွက်မည် ဖြစ်သည်။

ယခင်က တစ်လလျှင် ယာဉ်စီးရေ တစ်သောင်းကျော် တင်သွင်းရာမှ ယခု ကားပါကင်မရှိသူများအား ကားတင်သွင်းခွင့်မပြုတော့ရာ တစ်လလျှင် ယာဉ်စီးရေ နှစ်ထောင်ကျော်သာ တင်သွင်းခွင့်ပြုခဲ့ပြီး ရန်ကုန်မြို့တွင် ယာဉ်စီးရေ ခြောက်သိန်းခွဲကျော်ရှိနေပြီဖြစ်သည်။

Ref; The Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly