မြန်မာ့လုပ်ငန်းရှင်ဆုရွေးချယ်ပွဲတွင် အသေးစားနှင့်အလတ်စားလုပ်ငန်းများအတွက် ဆု တစ်ဆုထည့်သွင်း

မြန်မာ့လုပ်ငန်းရှင်ဆုရွေးချယ်ပွဲတွင် အသေးစားနှင့်အလတ်စားလုပ်ငန်းများအတွက် ဆု တစ်ဆုထည့်သွင်း
ဓာတ်ပုံ-သက်ကို
 

ရန်ကုန်၊ ဇူလိုင် ၅ ။             ။ မြန်မာ့လုပ်ငန်းရှင်ဆုရွေးချယ်ပွဲတွင် နိုင်ငံခြားသားပါ၀င်မှုမရှိသည့် မြန်မာကုမ္ပဏီများ ရွေးချယ်ခံရမှု နည်းပါးနေသဖြင့် အသေးစားနှင့်အလတ်စားလုပ်ငန်းများအတွက် ဆုတစ်ဆုကို ယခုနှစ်တွင် ထည့်သွင်းထားခဲ့သည်ဟု အကဲဖြတ်အဖွဲ့တွင်ပါ၀င်သည့် ဒေါက်တာအောင်ထွန်းသက်က ပြောသည်။

ဆုပေါင်း ၈ ဆုပါ၀င်မည့် ၂၀၁၈ မြန်မာ့လုပ်ငန်းရှင်ဆုရွေးချယ်ပွဲတွင် ပါ၀င်ယှဉ်ပြိုင်လိုသည့် ကုမ္ပဏီများအနေဖြင့် ဇူလိုင်လ ၆ ရက်နေ့မှစတင်၍ စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း ဇူလိုင်လ ၅ ရက်နေ့က ရန်ကုန်မြို့နိုဗိုတယ်ဟိုတယ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှ သိရသည်။

"မနှစ်ကဆုရသွားတဲ့ကုမ္ပဏီတွေကြည့်လိုက်ရင် အမှန်တိုင်းပြောရရင် နိုင်ငံခြားသားတွေ များတဲ့ကုမ္ပဏီတွေ နောက်တစ်ခါ နိုင်ငံခြားမှာပညာသင်ပြီးပြန်လာတဲ့ ကလေးတွေများတဲ့ ကုမ္ပဏီဖြစ်တော့ သာမန်မြန်မာကုမ္ပဏီတွေနည်းနည်းအားနည်းတယ်လေ။အားနည်းတာကလည်း သူတို့အနေနဲ့အရည်အချင်းမရှိလို့မဟုတ်ဘဲ မသိလိုက်လို့ မလျှောက်မိတာလဲဖြစ်နိုင်တယ်။ ဆရာတော့တိုက်တွန်းချင်တာ များများလျှောက်ကြပါနော်" ဟု စီးပွားရေးပညာရှင် ဒေါက်တာအောင်ထွန်းသက် က ပြောသည်။

ဆုပေါင်း ၈ ဆုတွင် လူကြိုက်အများဆုံးဆု၊ လူမှုအကျိုးပြုလုပ်ငန်းများ စွမ်းဆောင်နိုင်မှုဆု၊ တစ်နှစ်တာအထူးချွန်ဆုံး အသေးစားနှင့်အလတ်စားလုပ်ငန်းဆု စသည့်ဆုများ ပါ၀င်နေသည်။

ပါ၀င်ယှဉ်ပြိုင်လိုသည့်ကုမ္ပဏီများအနေဖြင့် www.myanmaremployerawards.com တွင် လျှောက်လွှာရယူနိုင်ပြီး သြဂုတ်လ ၂၃ ရက်နေ့မတိုင်ခင်အထိ လျှောက်ထားနိုင်မည်ဖြစ်သည်။

၂၀၁၈ ခုနှစ်အတွက်မြန်မာ့လုပ်ငန်းရှင်ဆု ဆုပေးပွဲကိုနိုဝင်ဘာ ၃၀ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကာ ယခုနှစ်အတွက် ကုမ္ပဏီ ၂၅၀ ကျော် ပါ၀င်ယှဉ်ပြိုင်မည်ဟု မျှော်မှန်းထားသည်။

"အကြီးဆုံးအကျိုးသက်ရောက်မှုကတော့ အလုပ်ရှင်တွေတင်မဟုတ်ဘဲ အလုပ်သမားတွေနဲ့ အလုပ် ရှာနေသူတွေအတွက်ပါ သက်ရောက်မှုရှိမှာပါ။ HR အလေ့အကျင့်နဲ့ ကုမ္ပဏီတိုးတက်လာတယ် ဆိုရင် အလုပ်သမားတွေလည်း ကောင်းကျိုးသက်ရောက်မှုရှိလာမှာပါ။ ပိုကောင်းမွန်တဲ့ လုပ်ငန်းခွင် ပတ်ဝန်းကျင်၊ လုပ်ငန်းအောင်မြင်မှုအတွက် ပိုကောင်းတဲ့လစာတွေ၊ ဆုတွေ၊ ပိုကောင်းတဲ့အလုပ် လုပ်ကိုင်မှုအခြေအနေတွေရှိလာမှာပါ။ ဟု "MM One com.mm ၏ စီအီးအို Justin Sway က ပြောသည်။

မြန်မာ့လုပ်ငန်းရှင်ဆုရွေးချယ်ပွဲကို ၂၀၁၇ ခုနှစ်မှစ၍ ပထမဦးဆုံးအကြိမ်ကျင်းပခဲ့ကာ ကုမ္ပဏီပေါင်း ၁၃၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။

၂၀၁၇ မြန်မာ့လုပ်ငန်းရှင်ရွေးချယ်ပွဲတွင် ရိုးမဘဏ်လီမိတက်၊ Unilever Myanmar ၊ MPT ၊ Ooredoo Myanmar Telenor Heineken ၊ Grand Royal စသည်တို့အပြင် အခြားသော ပြည်တွင်း၊ ပြည်ပ လုပ်ငန်းကို ရွေးချယ်ဆုပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly