တရားရုံး ဆောင်ရွက်ချက်များကို ထိခိုက်စေသော စကားဦးသန်းမှုမျိုး မပြုလုပ်ရန် အထူးခုံရုံးဥက္ကဋ္ဌ သတိပေး

တရားရုံး ဆောင်ရွက်ချက်များကို ထိခိုက်စေသော စကားဦးသန်းမှုမျိုး မပြုလုပ်ရန် အထူးခုံရုံးဥက္ကဋ္ဌ သတိပေး

 

ရန်ကုန်၊ ဇူလိုင်လ ၅ ။          ။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တရားလွှတ်တော်ရှေ့နေဦးကိုနီအား သေနတ်ဖြင့် အနီးကပ်ပစ်ခတ် လုပ်ကြံခဲ့သည့် ဦးကြည်လင်းအမှုအား စစ်ဆေးနေသည့် အထူးခုံရုံးဥက္ကဋ္ဌ ဦးခင်မောင်မောင်က တရားရုံးဆောင် ရွက်ချက်များအား ထိခိုက်စေသည့် စကားဦးသန်းမှုမျိုး မပြုလုပ်ရန် သတိပေးတားမြစ်လိုက်သည်။

ယနေ့ ဇူလိုင်လ ၅ ရက်တွင် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး၌ ဦးကြည်လင်းအပါအဝင် ဦးအောင်ဝင်းဇော်၊ ဦးဇေယျာဖြိုးတို့ ၃ ဦးကို ၅၉ ကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး တရားခွင်အတွင်း အထူးခုံရုံးဥက္ကဋ္ဌ ဦးခင်မောင်မောင်က ထိုသို့ သတိပေးတားမြစ်ခဲ့ခြင်းဖြစ်သည်။

“ ဒီတစ်မှုတည်းအတွက်မဟုတ်ပါဘူး။ ပြစ်မှုတွေအားလုံးအတွက် ဒါအကျံုးဝင်တဲ့ သတိပေးချက်ပဲ။ ဒါရုံးတော် မထီမဲ့မြင်မှု ထဲမှာလည်း ပါထားပြီသား။ မပြောရပါဘူး”ဟု သေဆုံးခဲ့သူ အငှားယာဉ်မောင်း မိသားစုဘက်မှ လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

တရားရုံး၏ တရားစီရင်ရေးကို ထိခိုက်စေမည့် စကားဦးသန်းမှုမျိုးမပြုလုပ်ရန် သတိပေးတားမြစ်ချက်မှာ ရှေ့နေ များ၊ အမှုနှင့်သက်ဆိုင်သည့်သူများအပါအဝင် သတင်းမီဒီယာများနှင့်  ပြည်သူများလည်း အကျံုးဝင်ကြောင်း သိရသည်။

 “ တရားလိုဘက်က စတင်စစ်ဆေးခဲ့စဉ်အချိန် သက်သေ ရ၂ ယောက်၊ သူ့တို့တင်ထားတာ အယောက် ၈ဝ။ ရ၂ ယောက်စစ်ဆေးခဲ့စဉ် ရုံးချိန်းပေါင်း၊ ရုံးချိန်းပေါင်း မြောက်များစွာမှာတုန်းက မပြောခဲ့တဲ့ မကြားခဲ့ရတဲ့ စကား ကို ဒီနေ့ တရားရုံးကနေ ပြောကြားတယ်။ အဲ့ဒါဘာလဲဆိုတော့ တရားရုံးမှာ စစ်ဆေးစီရင်နေတဲ့ အမှုတစ်ခုကို ကြိုတင်ဆုံးဖြတ်ရာရောက်မယ့် ပြောဆိုမှုတွေ၊ ဝေဖန်မှုတွေ၊ ရေးသားမှုတွေ မလုပ်ဖို့အတွက် သတိပေးလိုက် တာပေါ့”ဟု ဦးကြည်လင်းဘက်မှ လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးကျော်ေကျော်ထိုက်က ပြောသည်။

ယင်းသတိပေးတားမြစ်ချက်အား ချိုးဖောက်မည်ဆိုလျှင် တရားရုံး မထီမဲ့မြင်ပြုမှုဖြင့် အရေးယူနိုင်ပြီး ပြစ်ဒဏ်မှာ ထောင်ဒဏ် ၆ လ သို့မဟုတ် ငွေဒဏ်၊ ခံဝန်ချုပ် စသည့်   ပြစ်ဒဏ်များချမှတ်နိုင်ကြောင်း   ပြဋ္ဌာန်းချက်တွင် ပါရှိ သည်ဟု တရားလွှတ်တော်ရှေ့နေများ ပြောပြချက်အရသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly