ရန်ကုန် ဇူလိုင် ၅ ။ ။ အောင်ဘာလေသိန်းဆုဌာနအနေနှင့် ထီပေါက်ပြီးဆုငွေလာရောက်မထုတ်ယူသည့် ဆုငွေများကို လစဉ်သန်း ၂၀၀ ခန့် ဘဏ္ဍာသိမ်းအဖြစ်ဆောင်ရွက်နေရကြောင်း သိရသည်။
ကျပ် ၅၀၀ တန်ထီများကို ထုတ်ဝေခဲ့သည်မှာ ၁ နှစ်ရှိပြီဖြစ်ပြီး ထီထိုးသူပြည်သူများအနေဖြင့် ထီမတိုက်မိကြ သည့်အတွက် ထီဆုငွေများကို ဘဏ္ဍာသိမ်းအဖြစ် ဆောင်ရွက်နေရသည်ဟု အောင်ဘာလေသိန်းဆုဌာန၊ အောင်ဘာလေညွှန်မှူး ဦးကျော်သန့်လွင်က ပြောကြားသည်။
" ကျွန်တော်တို့လက်ရှိအခြေအနေမှာ ၁ နှစ်ပြည့်မြောက်လို့ လာရောက်မထုတ်ယူတဲ့ဆုတွေကို ဘဏ္ဍာသိမ်း အဖြစ် ဆောင်ရွက်ရပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့နေရာမှာ ထီထိုးထားသူပြည်သူတွေအနေနဲ့ ထီမတိုက်မိတာတွေ ဘဏ္ဍာသိမ်း အဖြစ် ဆောင်ရွက်ရတယ်လို့လည်း ယူဆပါတယ်" ဟု အောင်ဘာလေသန်းဆုဌာန မှ အောင်ဘာလေညွှန်မှူး ဦးကျော်သန့်လွင် က ပြောသည်။
ယင်းသို့ ထီဆုငွေလာရောက်ထုတ်ယူခြင်းမရှိသည်ကို သက်ဆိုင်ရာမြို့နယ်အခွန်ရုံးများနှင့် ပြည်တွင်း အခွန် ဌာနဝက်ဘ်ဆိုက်တွင်လည်း အများပြည်သူသို့ အသိပေးကြေငြာထားကြောင်းသိရသည်။ ထီဆုငွေများကို ဘဏ္ဍာသိမ်းအဖြစ် ဆောင်ရွက်နေရခြင်း လျော့နည်းစေရန်အတွက်လည်း လာမည့်၁၇ ကြိမ်မြောက် သိန်းဆု ပေါက်စဉ်များကို ပြုပြင်ပြောင်းလဲဆောင်ရွက်သွားရန်ရှိသည်ဟု ညွှန်ကြားရေးမှူးက ဆက်ပြောသည်။
"အဲဒီအတွက်ကြောင့်မို့လို့ ကျွန်တော်တို့ ထီပေါက်စဉ်တွေမှာ လက်ရှိ၁၇ ကြိမ်မြောက် အောင်လာလေ သိန်းဆုပေါက်စဉ်ကစပြီးတော့ ပြုပြင်ပြောင်းလဲဆောင်ရွက်ဖို့ ရှိပါတယ်။ အဲဒါကတော့ဝေဝေဆာဆာ ပဒေသာဆုမဲတွေကို ဘယ်လောက်မှ ဘယ်လောက်ဆိုပြီးတော့ ထီပေါက်စဉ်မှာ ထည့်သွင်း ပြောင်းလဲ ကြေငြာသွားမှာ ဖြစ်ပါတယ်၊ ပြည်သူတွေအနေနဲ့ ထီတိုက်ဖို့ " ဟု ပြောသည်။
ပြီးခဲ့သည့်ဇူလိုင်လ ၁ ရက်နေ့က ကျင်းပခဲ့သည့် ၁၆ ကြိမ် မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေသိန်း ဆုဖွင့်ပွဲတွင် ကျပ်သိန်း၅၀၀၀ ဆုကို ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့ နယ်မီးသတ်စခန်းမှ ပျဉ်းပင်ကန်ရပ်ကွက်နေ မီးသတ်တပ်ကြပ် ကိုထူးဝေဇွန်က နေမင်းထီဆိုင်မှ ဆွတ်ခူးရရှိခဲ့ပြီး၊ ကျပ်သိန်း ၁၀၀၀၀ ဆုကြီးကို မည်သည့် ထီဆိုင်မှ ဆွတ်ခူးနိုင်ခဲ့သည်ကို မသိရ သေးပေ။
၁၆ ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေ သိန်းဆု ဖွင့်ပွဲတွင် ဆုမဲပေါင်း ၁၂၄၁၈၂ ဆု အတွက် ထီဆုငွေ ကျပ်သန်းပေါင်း ၁၁,၀၄၅ဒဿမ၄၃၀ ခွဲဝေ ချီးမြင့်ပေးခဲ့သည်။
ထို့ပြင် သိန်းဆုဖွင့်ပွဲအတွက် ရောင်းချရသည့် ထီစာအုပ်ပေါင်း ၃,၆၈၁,၈၁၀ အုပ် ဖြစ်ပြီး ထီလက် မှတ် စောင်ရေပေါင်းမှာ ၄၀,၄၉၉,၉၁၀ စောင် ဖြစ်သည်။ ထီလက်မှတ်များကို “က” အက္ခရာမှ အစဉ်လိုက် “အ” အက္ခရာထိ အက္ခရာ ၃၃ လုံး နှင့် “ကက” အက္ခရာမှ အစဉ်လိုက် “ကဌ” အက္ခရာ ထိ အက္ခရာ ၁၂ လုံး စုစုပေါင်း အက္ခရာ ၄၅ လုံး ရောင်းချခဲ့ရပြီး လာမည့် ၁၇ ကြိမ်မြောက်တွင် ဆုငွေနှင့် အက္ခရာ အပြောင်းအလဲရှိမည်မဟုတ်ကြောင်း သိရသည်။