မင်းပြားတွင် လေဆင်နှာမောင်း တိုက်၍ မြို့မစျေးကြီး အမိုးလန်ပျက်စီး

မင်းပြားတွင် လေဆင်နှာမောင်း တိုက်၍ မြို့မစျေးကြီး အမိုးလန်ပျက်စီး

မင်းပြား၊ ဇူလိုင်လ ၄ ရက်။          ။ ရခိုင်ပြည်နယ် မင်းပြားမြို့တွင် ဇူလိုင်လ ၃ ရက်နေ့ ညနေ ၃ နာရီကျော်ခန့်က လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် မင်းပြားမြို့မ စျေးကြီး အဆောက်အဦမှာ ပေ ၃၀ ခန့်လောက် အမိုးလန် ပျက်စီးခဲ့သည်။

အဆိုပါ တိုက်ခတ်မှုကြောင့် မင်းပြားမြို့မ စျေးကြီးတွင် မိုးထားသည့် သွပ်ပြား အချပ်၂၀ ကျော်လောက် အမိုးလန်ပျက်စီးသွားခြင်း ဖြစ်ပြီး မင်းပြားမြို့ အထက ၁ ကျောင်းအနီးရှိ ဖုန်းဆက်သွယ်ရေး တိုင်တစ်တိုင် လဲကျ ပျက်စီးခဲ့သည်။

“မြို့မစျေးကြီး အဆောက်အဦမှာ မိုးထားတဲ့ သွပ်ပြား အချပ် ၂၀ ကျော်လောက်၊ ပေ ၃၀ လောက် အမိုးလန် သွားတယ်။ ရပ်ကွက်ထဲမှာတော့ မကြားမိပါဘူး။”ဟု မင်းပြားမြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးကျော်သိန်းထွန်းက ပြောသည်။

အဆိုပါ လေဆင်နှာမောင်း တိုက်ခတ်ရာတွင် မင်းပြားမြို့မစျေးကြီးတစ်ခုသာ ပျက်စီးခဲ့ခြင်းဖြစ်ပြီး မင်းပြားမြို့ ရပ်ကွက်အတွင်းရှိ လူနေအိမ်၊ အဆောက်အဦများမှာ ထိခိုက် ပျက်စီးဆုံးရှုံးမှု မရှိခဲ့ကြောင်း မင်းပြားမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

လက်ရှိမှာ အမိုးလန်သွားသည့် မြို့မစျေးကြီးခေါင်မိုးကို ပြန်လည်ပြုပြင်နေပြီး ယနေ့ ဇူလိုင်လ ၄ ရက်နေ့ ညနေပိုင်း လောက်တွင် ပြီးစီးမည်ဟု ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းထွန်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် ရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မင်းပြားမြို့တွင် လေးမြို့မြစ်ရေ တိုက်စားပြီး မြစ်ကမ်းပါးများ ပြိုကျမှုကြောင့် မြစ်ကမ်းဘေးအနီးရှိ လူနေအိမ် ၁၀ နီးပါးကို ဖြိုချလိုက်ရသေးသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly