ကသာတွင် ဒုရဲအုပ်တစ်ဦး မိမိကိုယ်ကို သေနတ်ဖြင့် ပစ်ခတ် သေဆုံးမှုဖြစ်ပွား

ကသာတွင် ဒုရဲအုပ်တစ်ဦး မိမိကိုယ်ကို သေနတ်ဖြင့် ပစ်ခတ် သေဆုံးမှုဖြစ်ပွား
ဓာတ်ပုံ-ဖေ့ဘုတ်
 

ရန်ကုန်၊ ဇူလိုင်လ ၂ ။          ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့မရဲစခန်းတွင် နယ်ထိန်းခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်နေသော ဒုရဲအုပ်တစ်ဦး မိမိကိုယ်ကို သေနတ်ဖြင့် ပစ်ခတ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ကသာမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်အောင်က မဇ္စျိမသို့ ပြောသည်။

ထိုသို့ မိမိကိုယ်ကို သေနတ်ဖြင့် ပစ်ခတ်သေဆုံးမှုဖြစ်စဉ်မှာ ယနေ့ ဇွန်လ ၂ ရက်နေ့၊ နံနက် ၁၁ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးခဲ့သော ရဲအရာရှိမှာ အသက် ၃၇ နှစ်အရွယ် ဒုရဲအုပ်ချစ်ဝင်းလတ် ဖြစ်ကြောင်း သိရသည်။

ဒုရဲအုပ်ချစ်ဝင်းလတ်မှာ ယနေ့ နံနက် ၁၁ နာရီခန့်တွင် ၎င်းနေအိမ်လိုင်းခန်းအတွင်း ညာဘက်နားထင်အား သေနတ်ဖြင့် တေ့ပစ်ခဲ့ခြင်းဖြစ်ပြီး ဘယ်ဘက် ချိုးစောင်းဖောက်ထွက်လျက်   တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲမှူး မြင့်အောင် ပြောပြချက်အရ သိရသည်။

အခင်းဖြစ်စဉ်အား သိသိချင်း ဒုရဲအုပ်ချစ်ဝင်းလတ်အား ကသာဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ရဲမှူးကပြောသည်။

“ သူ့က သူ့မိန်းမရယ်၊ ၃ နှစ်အရွယ်ကလေးရယ် ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝကို ဖြတ်သန်းနေတာပါ။ စီးပွားရေး လည်း အဆင်ပြေတယ်။ လူမှုရေးလည်း ပြဿနာမရှိဘူး။ အကြွေးတင်တာတွေမရှိဘူးဗျ။ ဖိအားဆိုတာက လည်း ကျွန်တော်တို့ ရဲတပ်ဖွဲ့မှာက အဆင့်ဆင့်တာဝန်ခံရတာပေါ့။ လစာကိုလည်း လျော်ညီတဲ့တာဝန်နဲ့ ပေးထားတယ်။ တာဝန်ပေးထားပေမယ့်လည်း တာဝန်မကျေတာ၊ ပျက်ကွက်တာမရှိဘူး ”ဟု ရဲမှူး မြင့် အောင်က ပြောသည်။

ဒုရဲအုပ်ချစ်ဝင်းလတ် မိမိကိုယ်ကို ပစ်ခတ်ရာတွင် အသုံးပြုသွားသည့် သေနတ်မှာ ဖမ်းဆီးရေးလုပ်ငန်း တာဝန်များ ထမ်းဆောင်ရန်အတွက် ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့က ထုတ်ပေးထားသည့် ဝက်ဘလီ အမျိုးအစား ၆ လုံးပြူးသေနတ်ဖြစ်ကြောင်း သိရသည်။

“ သူ့မှာ ဘာဖိအား အခက်အခဲမှ မရှိဘဲနဲ့ အခုလိုဘာကြောင့်ဖြစ်သွားရလဲဆိုတော့ သူ့ရဲ့တပည့်တပန်းတွေ ပြောပြချက်အရ ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်လောက်ကပေါ့။ သူက မသင်္ကာတဲ့ လူသုံးယောက်ကို စစ်ဆေး ရှာဖွေခဲ့တယ်။ စစ်ဆေးတဲ့အချိန်မှာ မသင်္ကာတဲ့ လူရဲ့ အိတ်ထဲက ဆေးထိုးအပ်နဲ့ သူရဲ့လက်ကို ထိုးမိသွားတယ်ပေါ့။ ဆေးထိုးအပ်ကိုကြည့်တော့ အပ်ရဲ့ထိပ်မှာ သွေးတွေ စို့နေပြီး မူးယစ်ဆေးဝါးသုံးစွဲတဲ့ အပ်ဖြစ်နေတယ်။ အဲ့ဒါနဲ့ သူ့ကို ရောဂါကူးပြီဆိုပြီး သူ့ကိုယ်သူ စိတ်အားငယ်တာဖြစ်နေတယ်လို့ ကြားတယ်။ သူကို HIV ပိုးကူးပြီးဆိုပြီးတော့ စိတ်အားငယ်ပြီး ကသာဆေးရုံကို ဆေးသွားစစ်တာပေါ့။ ဒါပေမယ့် စစ်တော့ ရောဂါမပေါ်ဘူး။ ဆရာဝန်က ဒါမျိုးရောဂါက ချက်ချင်းမပေါ်ဘူး။ အနည်းဆုံး ၆ လလောက်ကြာမှ ပေါ်တာဖြစ် တယ်လို့ ပြောလိုက်တယ်တဲ့။ ဒါနဲ့ သူ့ကိုယ်သူ သံသယဖြစ်ပြီးတော့ အပ်နဲ့ထိခိုက်တာကနေ HIV ကူးစက် ဖြစ်ပွားပြီဆိုပြီး စိတ်အားငယ်နေတာ။ အဲ့ဒါနဲ့ ကိုယ့်ကိုယ်ကို စိတ်ဓာတ်တွေကျပြီးတော့ အဆုံးစီရင်လိုက်တာ”ဟု ရဲမှူးမြင့်အောင်က ဆိုသည်။

လက်ရှိတွင် ယင်းအမှုနှင့် ပတ်သက်ပြီး ကသာမြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၁၃/ ၂ဝ၁၈ ဖြင့် အမှုဖွင့်ထားပြီး ဒုရဲအုပ်ချစ်ဝင်းလတ် မိမိကိုယ်ကို သေနတ်ဖြင့် ပစ်ခတ်သေဆုံးမှုဖြစ်စဉ် အဓိက အကြောင်း ရင်းအား စုံးစမ်းစစ်ဆေးနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly