ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေး နှင့် ငါးရစ်ငါးသန်ကာလ ငါးမဖမ်းဆီးရေး ပညာပေး

ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေး နှင့် ငါးရစ်ငါးသန်ကာလ ငါးမဖမ်းဆီးရေး ပညာပေး

ဇူလိုင်လ ၁ ၊ သပိတ်ကျင်း ။         ။ ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေး နှင့် ငါးရစ်ငါးသန်ကာလ ငါးမဖမ်းဆီးဖို့အတွက် ဇူလိုင်လ ၁ ရက် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ် ကျောက်အိုးကျေးရွာ ဘုန်းကြီးကျောင်းမှာ အသိပညာပေးဟော ပြောပွဲ ပြုလုပ်ခဲ့ပါတယ်။

မျိုးတုန်းပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ဧရာဝတီလင်းပိုင်တွေကို ထိန်းသိမ်းရှောက်ဖို့ လိုအပ်နေပြီး မေလမှ ဇူလိုင်အထိဟာ ငါးရစ်ငါသန် ငါးမျိုးချချိန်ဖြစ်တဲ့အတွက် ဧရာဝတီမြစ်တစ်လျောက်က ရေလုပ်သားတွေအနေနဲ့ ငါးမဖမ်းကြဖို့ အသိပညာပေးဟောပြောတာ ဖြစ်ပါတယ်။

"ကျွန်တော် တံငါသည်လုပ်လာတာ နှစ်ပေါင်း ၄၀ ကျော်ပါပြီ။ လင်းပိုင်ဆိုတာ နို့တိုက်သတ္တဝါမှန်းလည်း မသိပါဘူး။ အပြင်မှာ မြင်လည်းမမြင်ဘူးသေးပါဘူး။ ဟောပြောပွဲလာလုပ်မှ မြင်ဖူးတာပါ ။ သူတို့ပြောသလို ထိန်းသိမ်းရမယ်ဆိုတာလည်း မသိပါဘူး ။ ကျွန်တော်တို့ဆီက လင်းပိုင်မြင်ရင်ကို ကိုယ့်ကို အန္တရာယ်ပြုမှာ ကြောက်ပြီးတော့ပဲ ပြန်ပြန်ပြေးလာကြတာ။ ငါးမဖမ်းရရာသီဆိုတာတော့ သိပါတယ် ။ ဒါပေမဲ့ တစ်ရွာလုံးက ငါးဖမ်းစားကြတာ ။ လယ်တွေယာတွေလည်း လုပ်မစားကြဘူး ။ ဒီလိုငါဖမ်းရာသီ ရောက်ရင် ငါးမဖမ်းရတော့ စားဝတ်နေရေးကတော့ ခက်ခဲပါတယ်" ဟု ကျောက်အိုးကျေးရွာက ရေလုပ်ငန်းလုပ်ကိုင်သူ ကိုစောသိန်းက
ပြောပါတယ်။

ဟောပြောပွဲမှာ မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးပေါ်လွင် ၊ သားငှက်တိရိစ္ဆာန် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ (WCS) ဧရာဝတီလင်းပိုင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ က ဦးကျော်လှသိန်းနဲ့ ငါးလုပ်ငန်းဦးစီး ဌာနက ဧရာဝတီလင်းပိုင်ထိန်းသိမ်းကာကွယ်ရေးတာဝန်ခံ ဦးဟန်ဝင်းတို့မှ ဟောပြောခဲ့ပါတယ်။

" ဧရာဝတီလင်းပိုင်တွေ ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ငါးလုပ်ငန်းဦးစီးဌာနဲ့ ထိန်းသိမ်းရေးလုပ်နေတဲ့ အဖွဲ့တွေတင် လုပ်လို့မရပါဘူး အဓိကလင်းပိုင်းနဲ့ရှိတဲ့ပတ်ဝန်းကျင်က ဒေသခံတွေကိုယ်တိုင် ပူးပေါင်းပါဝင် ထိန်းသိမ်းစောင့်ရှောက်မှ ရမှာပါ ။ ဘာကြောင့်လဲဆိုတော့ ရှော့တိုက်ပြီး ငါဖမ်းတာ၊ ငါးရစ်ငါသန်ကာလ ငါးဖမ်းတာတွေ ၊ ညအချိန် ငါးပိုက်တွေတန်းတဲ့အတွက် လင်းပိုင်တွေက တိုးမိပြီး သေဆုံးလို့ပါ။  အဲ့ဒါကြောင့် ဒေသခံ ပူးပေါင်းပါဝင်ဆောင်ရွက်မှ ရမယ်" လို့ သားငှက်တိရိစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (WCS) ဧရာဝတီလင်းပိုင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဦးကျော်လှသိန်းက ပြောပါတယ်။

ဧရာဝတီမြစ်အတွင်း လင်းပိုင်းတွေဟာ မန္တလေးမြို့ကနေ ဗန်းမော်မြို့အကြား နေထိုင်ကျက်စားပြီး လင်းပိုင် အကောင်ရေ ၂၁၀၈ ဖေဖော်ဝါရီလ စာရင်းအရ ရ၆ ကောင် နေထိုင် ကျက်စားတယ်လို့ သိရပါတယ်။

ကျောက်အိုးကျေးရွာမှာ အိမ်ခြေ ၅၀ ကျော်ရှိကာ လူဦးရေ ၁၀၀ ကျော်ရှိပြီး တစ်ရွာလုံး ရေလုပ်ငန်း လုပ်ကိုင်ကြတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly