စားသုံးသူများအနေဖြင့် ကုန်ပစ္စည်းများကို သံသယရှိပါက တိုင်ကြားရန်လိုအပ်ဟု ဆို

စားသုံးသူများအနေဖြင့် ကုန်ပစ္စည်းများကို သံသယရှိပါက တိုင်ကြားရန်လိုအပ်ဟု ဆို

ဇွန် ၂၈။    ။မြန်မာနိုင်ငံတွင် စားသုံးသူများအနေဖြင့် ကုန်ပစ္စည်းများကို သံသယရှိလျှင် သက်ဆိုင်ရာ စားသုံးသူ ကာကွယ်ရေးလုပ်ဆောင်နေသည့် အဖွဲ့အစည်းများကို တိုင်ကြားရန်လိုအပ်ပြီး တရားမျှတမှုကို လိုချင်လျှင် တိုင်ကြားခြင်းကို ကိုယ်တိုင်ပါ၀င်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံစားသုံးသူများသမဂ္ဂ အတွင်းရေး မှူး ဦးမောင်မောင်ကပြောသည်။

ဇွန် ၂၈ရက်က မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် မြန်မာနိုင်ငံ နို့လုပ်ငန်းအသင်း၊ နို့နှင့် နို့ထွက် ပစ္စည်းများအရည်အသွေးဆိုင်ရာ စာနယ်ဇင်းရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

"အခု ခရိုင်အဆင့်လောက်မှာ စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ဆိုတာ ဖွဲ့ထားတာရှိတယ်။ သံသ ယဖြစ်ရင်တိုင်ပါ။ ကျွန်တော်တို့ များများတိုင်တတ်တဲ့ ယဉ်ကျေးမှုတစ်ခုလိုနေတယ်။ တရားမျှတမှုကို လိုချင်လို့ရှိရင် တိုင်ကြားတာကို ကိုယ်တိုင်ပါ၀င်ပြီးတော့ ကူညီဖို့လိုတယ်" ဟု ၎င်းကပြောသည်။

လက်ရှိ နွားနို့တွင် လူကိုအန္တရာယ်ဖြစ်စေသည့် ဓာတုဗေဒ ပစ္စည်းများရောစပ်၍ စျေးကွက်ထဲတွင် ရောင်းချမှုများရှိနေသည်ဟု လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပျံ့နှံမှုများဖြစ်ပေါ်နေပြီး မဟုတ်မှန် ကြောင်း မြန်မာနိုင်ငံနို့လုပ်ငန်းရှင်များအသင်းမှ သတင်းရရှိသည်။

"ကျွန်တော်တို့ အမှတ်တမဲ့မနေပါဘူး။ ကျွန်တော်တို့စားသုံးသူတွေအတွက် ဘေးကင်းစိတ်ချရတဲ့ နို့ အရည်အသွေးရအောင် ဘယ်လိုကောက်တယ်ဆိုတာ ကျွန်တော်တို့မှာ ရှိပါတယ်" ဟု မြန်မာနိုင်ငံ နို့လုပ်ငန်းအသင်း ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာခင်လှိုင် ကပြောသည်။

ယခုကဲ့သို လူမှုကွန်ရက်စာမျက်နှာများတွင် နွားနို့အရည်အသွေးနှင့် ပတ်သတ်ပြီး လူကိုအန္တရယ်ဖြစ် စေသည့် ဓာတုဗေဒပစ္စည်းများရောစပ်ကာရောင်းချနေသည်ဟု ပျံ့နှံနေခြင်းကြောင့် စျေးကွက်တွင် နစ်နာမှုများကြံုတွေ့နေရကြောင်း သိရသည်။

"ဖေ့ဘွတ်ခ်ထဲမှာ နို့သောက်ရမှာကို ကြောက်ရွံ့အောင် ခြောက်တဲ့ကိစ္စတွေ ပါနိုင်တယ်လို့ ကျွန်တော်အနေနဲ့ ယုံကြည်ပါတယ်။ တကယ်တမ်းဆိုရင် အခုလိုရာသီမျိုးဟာ အခုအပြင်မှာဆိုရင် နွားနို့စျေး တော်တော်ကျပါတယ်။ ဒီလောက်ထိကျရမယ့် ရာသီမျိုးမဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်" ဟု ငွေစင်ပုလဲ (နွားနို့) မန်နေဂျင်းဒါရိုက်တာ ဦးတင်ဝင်းကပြောသည်။

မြန်မာနိုင်ငံ၏ နွားနို့ထုတ်လုပ်သည့်လုပ်ငန်းသည် ယခင်ကနှင့်မတူညီဘဲ နွားမွေးမြူသူများသည် နွား နို့အရည်အသွေး ကောင်းမွန်ရန်လုပ်ဆောင်လာကြကြောင်း ထုတ်လုပ်သူများထံမှ သိရသည်။

စီးပွားရေးလုပ်ငန်းတွင် မသမာသည့်နည်းလမ်းဖြင့် လုပ်နေသူများလည်းရှိနိုင်ပြီး စာသုံးသူများနစ်နာမှု နှင့် ကြံုတွေ့ရပါက မြို့နယ်၊ ခရိုင်အလိုက် တိုင်ကြားမှုများပြုလုပ်နိုင်ကြောင်း ဦးမောင်မောင်ကပြော သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly