ဖွံ့ဖြိုးရေးလုပ်ငန်းများ ပြည်သူကျေနပ်အောင် မလုပ်နိုင်သေးဟု မန်းတိုင်းဝန်ကြီးချုပ်ပြော

ဖွံ့ဖြိုးရေးလုပ်ငန်းများ ပြည်သူကျေနပ်အောင် မလုပ်နိုင်သေးဟု မန်းတိုင်းဝန်ကြီးချုပ်ပြော
ဓာတ်ပုံ - ဘိုဘို/မဇ္ဈိမ

မန္တလေး၊ ဇွန်လ ၂၈ ။                    ။ အစိုးရသက်တမ်း ၂ နှစ်ကျော်ရှိပြီ ဖြစ်သော မန္တလေးတိုင်းအစိုးရအဖွဲ့အနေနှင့် ဒေသတွင်းဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူ ကျေနပ်သည် အထိ မလုပ်နိုင်သေးကြောင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားလိုက်သည်။

"ရတဲ့ဘတ်ဂျက်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ကန့်သတ်ချက်တွေကြောင့် ပြည်သူတွေကျေနပ်လောက်အောင် မလုပ်နိုင်သေးတာကို တွေ့ရတယ်။"ဟု ဝန်ကြီးချုပ်က ပြောသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒုတိယ ၁ နှစ်တာ သက်တမ်းကာလအတွင်း လုပ်ဆောင်ခဲ့မှုများနှင့် ပတ်သက်၍ ဇွန်လ ၂၈ ရက်၊မွန်းလွဲ ၁ နာရီက မြို့တော်စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ မဆောင်ရွက်ပေးနိုင်ခဲ့သော်လည်း လက်တွေ့အောင်မြင်မှုများအနေနှင့် ကျေးလက်မီးလင်းရေး၊ ကျေးလက်လမ်းများ ဖောက်လုပ်ပေးခြင်းတို့လုပ်ဆောင်ပေးခဲ့ကြောင်း ၀န်ကြီးချုပ်က ထပ်မံပြောကြားသည်။

ပြီးခဲ့သောဘဏ္ဍာနှစ်အတွင်း တင်ဒါပိုလျှံငွေများအဖြစ် ကျပ်သန်း ၁၁၂၆၁ ဒသမ ၈၁၅ ရရှိခဲ့ကြောင်း၊ ရင်းနှီးမြှုပ်နှံများ တိုးတက်လာအောင် လုပ်ဆောင်ခဲ့ရာတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုအဖြစ် အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ ထရီလီယံ ရရှိခဲ့့ကြောင်း၊ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုအဖြစ် ကျပ်ဘီလီယံ ၄၈၇၂ ထိ ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်နိုင်ခဲ့ကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

မန္တလေးတိုင်းအစိုးရအဖွဲ့သို့ နိုင်ငံတော်အစိုးရက ချထားပေးသောဘတ်ဂျတ်ငွေများထဲမှ တစ်နှစ်လျှင် ကျပ်သန်းတစ်ထောင်နှုန်းဖြင့် ၂နှစ်တာကာလအတွက် ကျပ်သန်းနှစ်ထောင်ကို ပညာရေးလုပ်ငန်းအတွက် ကျပ် ၄၀၂ဒသမ ၈၂ သန်း၊ မီးလင်းရေးလုပ်ငန်းအတွက် ကျပ် ရ၃၇ ဒသမ ၈၉ သန်း၊ လမ်းလုပ်ငန်းအတွက် ရ၆ ဒသမ ၈၆၀ သန်း၊ တံတားလုပ်ငန်းအတွက် ကျပ် ၃၆၇ ဒသမ ၅၀၀ သန်း၊ ရေရရှိရေးလုပ်ငန်းအတွက် ကျပ် ၃၅၂ ဒသမ ၆၀၀ သန်းနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကျပ် ၆၁ ဒသမ ၀၇၁ သန်း အသုံးပြုခဲ့ကြောင်း ဖော်ပြထားသည်။

ယမန်နေ့ ဇွန်လ ၂၇ ရက်ကလည်း မန္တလေးမြို့တွင် ညပိုင်းယာဉ် အန္တရာယ် လျှော့ကျရေးနှင့် မြို့လူထူ လုံခြံု စိတ်အေးချမ်းစွာ သွားလာနိုင်ရန်အတွက် လက်ရှိ အသုံးပြုနေသည့်  80 watt LED အစား လင်းအား ပိုမို ရရှိမည့် အရည်အသွေးမြှင့် 115 watt LED မီးလုံး ၃၃၈၀ လုံးနှင့် အစားထိုးတပ်ဆင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly