မိုးသည်းထန်မှုကြောင့် ထိုင်းလှိုဏ်ဂူထဲ ပိတ်မိနေသည့် ကလေးငယ်များအား ရှာဖွေကယ်ဆယ်နေသည့် လုပ်ငန်းများ နှောင့်နှေး

မိုးသည်းထန်မှုကြောင့် ထိုင်းလှိုဏ်ဂူထဲ ပိတ်မိနေသည့် ကလေးငယ်များအား ရှာဖွေကယ်ဆယ်နေသည့် လုပ်ငန်းများ နှောင့်နှေး

ဇွန် ၂၇ ။      ။ ထိုင်းနိုင်ငံမြောက်ပိုင်းက လှိုဏ်ဂူတစ်ခုထဲ ပိတ်မိပျောက်ဆုံးနေလျက်ရှိတဲ့ ကလေးငယ် ၁၂ ဦးပါ ဘောလုံးအသင်းနဲ့ နည်းပြဖြစ်သူတို့ကို ပြန်ရှာတွေ့ဖို့ ကြိုးစားနေစဉ်မှာပဲ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇွန်လ ၂၇ ရက်မှာတော့ ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ရာမှာ နှောင့်နှေးကြန့်ကြာမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

အသက် ၁၁ နှစ်ကနေ ၁၆ နှစ်ကြား အရွယ်အပိုင်းအခြားရှိ ကလေးငယ် ယောကျ်ားလေး ၁၂ ဦးနဲ့ ၎င်းတို့ရဲ့ ဘောလုံးအသင်းနည်းပြဖြစ်သူတို့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်ကတည်းက ယင်းလှိုဏ်ဂူထဲ ၀င်ရောက်ပိတ်မိပျောက်ဆုံးနေတာ ဖြစ်ပါတယ်။

ကယ်ဆယ်ရေးသမားတွေက ၎င်းတို့ကို ပြန်တွေ့ဖို့ ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေလျက်ရှိပြီး ယခုလက်ရှိအချိန်မှာ ရာသီဥတု ဆိုးရွားမှုနဲ့ တွေ့ကြံုနေခဲ့ရတယ်လို့ ဆိုပါတယ်။

ယခုအခါ မိုးကြီးမှုကြောင့် အဆိုပါ ဂူမှာ ရေပြည့်လာခဲ့တဲ့အတွက် ရာနဲ့ချီတဲ့ ကယ်ဆယ်ရေးသမားတွေဟာ ရေတွေကို ရေစုပ်စက်တွေ သုံးပြီး စုပ်ထုတ်ခဲ့ကြရတယ်လို့ သိရပါတယ်။

သို့ပေမယ့်လည်း မြန်မာနဲ့ လာအိုနယ်စပ်အနီး Chiang Rai ဒေသမြောက်ပိုင်းက ယင်းဧရိယာမှာ မိုးက ဆက်တိုက်သည်းထန်နေခဲ့တဲ့အတွက် လုပ်ငန်းလုပ်ဆောင်ရာမှာ ထင်သလောက် ခရီးမတွင်နိုင်ဘဲ ဖြစ်နေရတယ်လို့လည်း သိရပါတယ်။

" ရေလယ်ဗယ် မြင့်တက်နေတာက ကယ်ဆယ်ရေးလုပ်ငန်း လုပ်ရာမှာ အဓိက အခက်အခဲ အတားအဆီး တစ်ခုဖြစ်နေတယ်၊ မနေ့ညကဆို မိုးက တော်တော် ကြီးခဲ့တာပါ" ဆိုပြီး ကယ်ဆယ်ရေးလုပ်ငန်းတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Khanchit Chomphudaeng က ပြောသွားပါတယ်။

လက်ရှိအချိန်မှာတော့ ပူဆွေးသောကရောက်နေတဲ့ ဆွေမျိုးမိဘတွေကတော့ ဂူထဲ ပိတ်မိပျောက်ဆုံးနေတဲ့ ကလေးငယ်တွေကို ဘေးမသီရန်မခ ပြန်တွေ့နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်ကို ဆက်လက်ဆုပ်ကိုင်ထားကြဆဲဖြစ်တယ်လို့လည်း သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly