လူငယ်နဲ့ ဗဟုသုတမိုးကောင်းကင် ၃

 

အမှန်တကယ်ပြောရမယ်ဆိုရင်တော့ လူငယ်ရယ်လို့မဟုတ်ပါဘူး။ လူရယ်လို့ဖြစ်လာရင် ဗဟုသုတရှာဖွေချင်တဲ့စိတ််ဟာ လူသားရဲ့အခြေခံစိတ်ဓါတ်ဖြစ်တယ်ဆိုတာကလည်း အမှန်ပါပဲ။ လူဟာ အမိ၀မ်းတွင်းက ထွက်တာနဲ့တပြိုင်နက် ကမ္ဘာကြီးအတွက် မျက်စေ့နဲ့နားကို ဖွင့်ထားတော့တာပါပဲ။ ကလေးတွေဟာ လူကြီးတွေထက်ပိုပြီး သိချင် စူးစမ်းချင်စိတ်ပိုရှိကြတယ်ဆိုတာလည်း အမှန်ပါပဲ။ အတွေ့အကြံုနဲ့ ဗဟုသုတအသစ်နဲ့ပတ်သက်ပြီး ဆင်ခြင်နိုင်ချိန် ဆင်ခြင်နိုင်စွမ်းမရှိလောက်အောင်ကိုပဲ စူးစမ်းချင်ကြတာ ကလေးတွေပါပဲ။ ဒါကြောင့်မို့လည်း မမှားသင့်တာမမှားရလေအောင် လူကြီးတွေက ပဲ့ပြင်ဆုံးမလမ်းတည့်ပေးကြရပါတယ်။

စူးစမ်းရှာဖွေလိုစိတ် ဗဟုသုတရလိုတဲ့စိတ်ဟာ ကောင်းပါတယ်။ တည့်တည့်ပြောရရင်တော့ စူးစမ်းလိုစိတ် ဗဟုသုတရှာဖွေလိုစိတ် နညး်ပါးကြတဲ့လူတွေဟာ လူမျိုးနဲ့ချီပြီး ကမ္ဘာကြီးပေါ်မှာ သူများတွေထက် ခေတ်နောက်ကျကျန်ရစ်ကြရတာ ပညာညာဏ်နည်းပါးပြီး ထွန်းကားတိုးတက်မှုနှေးကွေးတာဟာ ဥပမာပေးရမယ့်နိုင်ငံတွေအများကြီးပါပဲ။ သူများတကာ သူများလူမျိုးမကြည့်နဲ့ ကိုယ့်လူမျိုးရဲ့အခြေအနေကိုကြည့်ရင်ကိုပဲ သိနိုင်ကြပါတယ်။

နှစ်ပေါင်း ရာစုနှစ်တဝက်ကျော်ကျော် ကမ္ဘာကြီးနဲ့ လွတ်လပ်စွာ ထိတွေ့ဆက်ဆံခွင့် အပြန်အလှန်အသိဖလှယ်ခွင့်တွေ ဆုံးရှုံးခဲ့ကြရတဲ့ ကျနော်တို့နိုင်ငံဟာ အခုတော့ ဟိုး ဥရောပနိုင်ငံတွေ မပြောနဲ့ ဒေသတွင်းနိုင်ငံအများစုနဲ့တောင် ရင်ဘောင်မတန်းနိုင်လောက်အောင် အစစ နောက်ကျကျန်ရစ်တာတွေ့ကြရမှာပါ။ ဥပမာ အနီးကပ်ဆုံးတိုင်းပြည်တစ်ခုဖြစ်တဲ့ ထိုင်းလိုနိုင်ငံမျိုးနဲ့တောင်မှ စီးပွားရေး ပညာရေး အစရှိတဲ့နယ်ပယ်တွေမှာ မယှဉ်နိုင်အောင်ဖြစ်ခဲ့ကြရပါတယ်။

ဗဟုသုတရဖို့ဆိုတာ ထိုင်စောင့်လို့ရတတ်တာမျိုးမဟုတ်ပါဘူး။ ဗဟုသုတရှိရာ သွားကြမှ ရှာဖွေမှသာ ရတာမျိုးပါ။

ဒီနေရာမှာ ကျနော့်စိတ်ထဲ လူသားဟာ မွေးကင်းစကတည်းက ဗဟုသုတရှာဖွေလိုစိတ်ရှိတာမှန်ပေမယ့် လူတစ်ဦးနဲ့တစ်ဦး၊ လူမျိုး တမျိုးနဲ့တမျိုး လေ့လာအား မတူကြတာရှိသလို ခေတ်တွေကိုပိုင်းကြည့်ရင်လည်း တခေတ်နဲ့တခေတ် မတူအောင် လေ့လာကြ တီထွင်ကြတာလည်း မတူကြပါဘူး။

အထင်ရှားဆုံးဥပမာကတော့ မီးကို စတင်တွေ့ရှိ မီးကို ကိုယ့်အကျိုးအတွက် လိုသလိုအသုံးချလာတတ်တာဟာ ဗဟုသုတရှာဖွေစူးစမ်းလိုတဲ့လူသားတစ်ဦးကြောင့်ဆိုတဲ့ခေတ်နဲ့ ကမ္ဘာကြီးပေါ်မှာ ကိုယ်နေတဲ့ နယ်မြေထက် ပိုပြီးကျယ်ဝန်းတဲ့ ပိုပြီး ဆန်းသစ်တဲ့ နယ်မြေသစ်တွေ အများကြီးရှိသေးတယ်ဆိုတဲ့ဗဟုသုတရလာတဲ့ခေတ်နဲ့ ကမ္ဘာကြီးဟာ နေကိုဗဟိုပြုပြီး ၀ိုင်းကြီးပါတ်ပါတ် ဒူဝေဝေ ဆိုတဲ့သဘော ဖွဲ့စည်းတည်ရှိတဲ့ စင်္ကြာဝဠာတစ်ခုသာဖြစ်ပြီး အခြားအခြားသော စင်္ကြာဝဠာတွေလည်း ရှိသေးတယ်ဆိုတဲ့အမြင်ကိုရလာတဲ့ခေတ်နဲ့ကလည်း မတူကြတော့ပါဘူး။ ပြောရမယ်ဆိုရင် လူသားတွေဟာ ကိုယ်နေထိုင်တဲ့နယ်မြေအပြင်ဘက်ကိုခြေဆန့်ပြီး နယ်မြေသစ်ရှာဖွေတဲ့ခေတ် ဥပမာ ဥရောပနယ်မြေအပြင် ကမ္ဘာကြီးပေါ်မှာ အာဖရိကတိုက် အာရှတိုက် အမေရိကတိုက် အစရှိတဲ့နယ်မြေကြီးတွေလည်း ရှိနေပါလားဆိုပြီး သိရှိလာတဲ့အချိန်ကာလသည်ပင်လျင် လူ့သက်တမ်းနဲ့ချိန်ကြည့်ရင် မကြာလှသေးပါဘူး။ နှစ်ပေါင်း ၅၀၀ ကျော်ဝန်းကျင်ပဲ ရှိပါသေးတယ်။ ကျနော်တို့တိုင်းပြည် ပုဂံခေတ်လည်လောက်ကမှ စခဲ့တဲ့သဘောပါပဲ။ အဲဒီအချိန််လောက်ကမှ ဒီကမ္ဘာပေါ်မှာ အခြားအခြားသောလူသားတွေ ရှိပါသေးလား၊ အခြာအခြားသော တိုင်းပြည်တွေရှိပါသေးလားဆိုတာ လက်တွေ့မျက်တွေ့ သိလာကြရတာပါ။

ဒီနေရာမှာ တချို့တချို့သောနိုင်ငံတွေက နိုင်ငံ့ခေါင်းဆောင်တွေဟာ ပြင်ပကမ္ဘာကိုထွက်ပြီး ဗဟုသုတရှာဖို့ အားပေးတတ်ကြတာရှိသလို တချို့တချို့သောနိုင်ငံခေါင်းဆောင်တွေကတော့ အဲသလို ပြင်ပကမ္ဘာထွက်ပြီး ဗဟုသုတရှာဖွေလိုမှုကို မကြိုက်ကြ အားမပေးကြပါဘူး။ အနုနည်း အကြမ်းနည်း နည်းမျိုးစုံသုံးပြီး တားမြစ်ထားကြလေ့ရှိပါတယ်။ တစ်ခုတော့ရှိပါတယ်။ အဲသလို တိုင်းပြည်ပြင်ပထွက်ပြီး ဗဟုသုတရှာဖွေဖို့ အားပေးကြတယ်ဆိုရာမှာ ဗဟုသတသက်သက် ရှာဖွေဖို့အားပေးတဲ့သဘောမဟုတ်ဘဲ နယ်ပယ်ချဲ့ထွင်ချင်လို့၊ ရတနာတွေ ရှာချင်လို့ သြစာနယ်ပယ်ချဲ့ချင်လို့ လုပ်ခဲ့ကြရတာတွေတော့ ရှိပါတယ်။ ဒါပေမယ့်လည်း ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် နယ်ပယ်သစ်တွေဆီု ထွက်ခွာရှာဖွေခဲ့ကြတဲ့ကောင်းကျိုးကို သက်ဆိုင်ရာလူမျိုးတွေ နိုင်ငံတွေဟာ လက်တွေ့ခံစားခွင့်ရခဲ့ကြတာတော့ ငြင်းလို့မရပါဘူး။

စပိန်ဘုရင် “ဖါဒီနန်” က “ကိုလံဘတ်”ကို ပြင်ပကမ္ဘာထွက်ရှာဖို့စေလွှတ်ခြင်းနဲ့ ပေါ်တူဂီဘုရင် “ဟင်နရီ နဘီဂေတာ” ဟာလည်း ရေကြောင်းသိပ္ပံအချက်အလက်များရရှိဖို့ “ဗတ်စ်ကိုဒဂါးမား”ကို ပင်လယ်ပြင်ထဲလွှတ်လိုက်တာမျိုးတွေဟာ စူးစမ်းလိုစိတ်ကို အားပေးလိုတဲ့ခေါင်းဆောင်တွေဆိုတာ သမိုင်းမှာ အထင်အရှားရှိခဲ့ပါတယ်။

ဂျပန်နိုင်ငံဟာ ဘုရင်မေဂျီခေတ်ကြကာမှ ပြင်ပကမ္ဘာနဲ့ ဂျပန်ပြည်သူတွေ ထိတွေ့ဆက်ဆံလို့ရအောင် တံခါးဖွင့်ပေးပြီးနောက်ပိုင်း တိုင်းပြည် အရှိန်အဟုန်နဲ့တိိုးတက်ပြောင်းလဲသွားခဲ့ရတာပါ။ အဲ လွတ်လပ်ရေးစကာစက အရှေ့တောင်အာရှမှာ ပညာရေး စီးပွားရေး အဖွံ့ဖြိုးဆုံးတိုင်းပြည်ဖြစ်ခဲ့တဲ့ ကျနော်တို့နိုင်ငံဟာ နှစ်ပေါင်း ခြောက်ဆယ်ကျော် ကမ္ဘာကြီးနဲ့ ထိရောက်စွာထိတွေ့ခွင့်မရလို့ ပညာဗဟုသုနည်းပါးပြီး ကမ္ဘာ့အဆင်းရဲဆုံးစာရင်းဝင်နိုင်ငံဖြစ်သွားရတာဟာလည်း ဗဟုသုတနည်းပါး ပညာညာဏ်မွဲကျံမှုရဲ့ဆိုးကျိုးပါပဲ။

ပြန်နောက်ဆုတ်ကြည့်ရင် ကျနော့်ရွာကလူငယ်တချို့ကိုပဲပြန်ကြည့်ပါ။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ရွာအပြင်ဘက်ထွက်ပြီး အလုပ်လုပ်ကြရတဲ့လူငယ်တွေဟာ ရွာအပြင်မထွက်ဘူးတဲ့တခြားလူငယ်တွေနဲ့နှိုင်းယှဉ်ရင် ဗဟုသုတသာကြတာ အထင်အရှားပါပဲ။ ရွာပြင်ဘက်ထွက် အလုပ်လုပ်ကိုင်ကြရရင်းက ဗဟုသုတအသစ်တွေရလာခဲ့ကြတဲ့သဘောပါပဲ။ ဥပမာအနေနဲ့ပြောရရင် ထိုင်းနိုင်ငံထွက်ပြီး အလုပ်လုပ်ရင်း ရွာကိုခဏပြန်လာလည်ကြတဲ့လူငယ်တွေဟာ ပြည်ပအတွေ့အကြံုတွေကို ပြန်လည်ဖေါက်သည်ချတဲ့အခါ ရွာပြင်မထွက်ဘဲနေကြတဲ့ သူတွေဟာ သူ့ဘေးမှာ ပါးစပ်အဟောင်းသားနဲ့ ငေးပြီး နားထောင်ကြရတာကိုပဲကြည့်ရင် ဗဟုသုတရှိသူနဲ့ နည်းပါးသူရဲ့ကွာဟချက်ကို သိနိုင်ပါတယ်။

ကဲ ဒီကနေ့တော့ ဒီလောက်ပါပဲ။

နောက်နေ့ကြမှ လူငယ်တွေ ဗဟုသုတရှာဖွေဖို့ ဘယ်လောက်အထိ အရေးကြီးတယ်၊ ရရှိလာတဲ့ဗဟုသုတတွေက ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအကျိုးကို ဘယ်လောက်အထိ အကျိုးပြုနိုင်သလဲဆိုတာ ဆက်ပြီးဆွေးနွေးကြတာပေါ့။

လူငယ်တွေရဲ့ ဗဟုသုတမိုးကောင်းကင်ကြီး လှပစွာအရောင်စုံနိုင်ကြပါစေ။

 

Mizzima Weekly