မသန်စွမ်းသူများနှင့် အဖွဲ့အစည်းများအတွက် အများသုံးပုံစံဆိုင်ရာ စွမ်းရည်မြှင့် သင်တန်း ကျင်းပပြုလုပ်

မသန်စွမ်းသူများနှင့် အဖွဲ့အစည်းများအတွက် အများသုံးပုံစံဆိုင်ရာ စွမ်းရည်မြှင့် သင်တန်း ကျင်းပပြုလုပ်

ရန်ကုန်၊ ဇွန်လ ၂၁ ။           ။ မသန်စွမ်းသူများနှင့် အဖွဲ့အစည်းများအတွက် အများသုံးပုံစံခေါ် Universal Design ဆိုင်ရာ စွမ်းရည်မြှင့် သင်တန်းကို  ယနေ့ ဇွန်လ ၂၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပပြုလျက်ရှိသည်။

အများသုံးပုံစံခေါ် Universal Design ဆိုင်ရာ စွမ်းရည်မြှင့် သင်တန်းကို ရန်ကုန်၊ ကျိုက်ဝိုင်းဘုရားလမ်း၊ Wyne ဟိုတယ်တွင် မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှ ကြီးမှူး ကျင်းပနေခြင်းဖြစ်ကြောင်း သိရသည်။

အများသုံးပုံစံခေါ် Universal Design မှာ အများပြည်သူသွားလာနိုင်သည့် လမ်းများတွင် ဝှီးချဲဖြင့် သွားလာနိုင် ခြင်း၊ အမြင်အာရုံချို့တဲ့သူများသွားလာနိုင်အောင် ပြုလုပ်ထားခြင်း၊ မသန်စွမ်းသူများသွားလာနိုင်အောင် အခြေ ခံအဆောက်အဦးများ၊ ခရီးသည်ဘတ်စ်ကားများတွင်လည်း စီမံပေးထားခြင်းနှင့် မသန်စွမ်းသူများ အလွယ် တကူအသုံးပြုနိုင်အောင် ပြုလုပ်ဖန်တီးပေးထားသည့် ရုပ်ဝတ္ထုပစ္စည်းများကို ဆိုလိုခြင်းဖြစ်သည်။

“ ဒီသင်တန်းက အရင်ဆုံးလှမ်းတဲ့ ခြေလှမ်းလေးပါ။ ဒီခြေလှမ်းလေးကမှတဆင့် ဒီသင်တန်းကနေ ကျွန်မတို့ မသန်စွမ်းသူတွေက ဒီ Universal Design ကို ပိုမိုနားလည်လာပြီဆိုရင် သူတို့တဆင့် ကျွန်မတို့ အရေးဆို တင် ပြမှုတွေလုပ်ပါမယ်။ ကျွန်မတို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ဆွေးနွေးပွဲတစ်ခုလုပ်ဖို့ရှိပါတယ်။ အဲ့ဒီမှာ စပ်ဆက်ပတ်သက်တဲ့သူတွေအားလုံးပါနိုင်ဖို့အတွက်ကို ကျွန်မတို့ ကြိုးစားပါမယ်။ အဲ့ဒီမှာ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်ပါလိမ့်မယ်။ အဲ့ဒီကတစ်ဆင့် မြန်မာနိုင်ငံအတွက် တကယ်လက်တွေ့ကျတဲ့ အားလုံးသုံးလို့ရတဲ့ ညွှန်ကြားချက်တစ်ခုထွက်လာဖို့ကို ကြိုးစားပါမယ်”ဟု မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှ ဒါရိုက်တာ ဒေါ်ယုယုဆွေက ပြောသည်။

ဖွံဖြိုးပြီးနိုင်ငံများတွင် Universal Design နှင့် ပတ်သက်ပြီး နှစ်အလိုက်လမ်းညွှန်ချက်များရှိပြီး မြန်မာနိုင်ငံတွင် လည်း ရန်ကုန်မြို့မှစပြီး Universal Design နှင့် ပတ်သက်ပြီး လမ်းညွှန်ချက်များ၊ စီမံချက်များအား သက်ဆိုင် ရာ အစိုးရတာဝန်ရှိသူများက လုပ်ဆောင်ပေးနိုင်ရန် မျှော်မှန်းပြီး ယခုသင်တန်းအား ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လက်ရှိအခြေအနေအထားမှာ အစိုးရဌာနဆိုင်ရာရုံးများ၊ ပုဂ္ဂလိက အဆောင်အဦးများမှာ ဝှီးချဲများဖြင့် တက်ရောက်နိုင်သည့် ပုံစံများဖြင့် တည်ဆောက်မှုများမရှိသေးသည့်အပြင် ရထားများ၊ ဘတ်စ် ကားများမှာလည်း မသန်စွမ်းများ လိုက်ပါစီးနင်းနိုင်ရန် ထည့်သွင်းစဉ်းစားပြီး လုပ်ဆောင်ပေးထားသည့် အခြေအနေမရှိသေးကြောင်း မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးနေ လင်းစိုးက ပြောသည်။

“ ကျွန်တော်တို့ မသန်စွမ်းတဲ့သူတွေက အိမ်အထဲက အပြင်ထွက်လာပြီးတော့ လူမှုဘဝတွေ၊ စီးပွားရေးတွေ ဖွ့ံဖြိုးတိုးတက်ဖို့အတွက် ကြိုးစားရုန်းကန်နေကြပြီ။ အဲ့ဒီတော့ အစိုးရရုံးတွေနဲ့ ဆက်စပ်ပတ်သက်ရတယ်။ ကျွန်တော်တို့ အစိုးရရုံးတွေသွားတယ် အဆင်မပြေဘူးပေါ့။ ဝှီးချဲနဲ့ တက်လို့မရဘူး။ ကျွန်တော်တို့ လူစားလုပ် ရတယ်။ အမြဲတမ်း လူစားတွေကလည်း အားမနေဘူးလေ။ ကျွန်တော်တို့က တချို့ကိစ္စတွေကို ကိုယ်ကိုယ်တိုင် ဆောင်ရွက်လိုကြတယ်။ အစိုးရရုံးတွေကို သွားလာရတဲ့အခါ လှေကားထစ်တွေအများကြီးနဲ့ ကျွန်တေ်ာတို့ အတွက် ထည့်စဉ်းစားထားတဲ့ အဆောက်အအုံဒီဇိုင်းတွေ ဖြစ်မနေဘူး”ဟု ဦးနေလင်းစိုးက ပြောသည်။

လက်ရှိတွင် အစိုးရမှ တာဝန်ရှိသူများကလည်း ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးအတွက် ဖော်ဆောင်ထား သည့် YBS စနစ်တွင် မသန်စွမ်းသူများအတွက် ထည့်သွင်းစဉ်းစား အကောင်အထည်ဖော်ပေးရန် ပေးမည်ဟု ကတိကဝတ်များပေးထားကြောင်း၊ မြို့ပြအသစ်များ ဖန်တီးတိုးချဲ့မှုများနှင့် အဟောင်းများ ပြန်လည်ပြင်ဆင်ရာ တွင်လည်း  ၎င်းတို့ မသန်စွမ်းအဖွဲ့အစည်းများ၏ ဆွေးနွေးပွဲအသံများကို အလက်အချက်ပြုစုပြီး တင်ပြပေးရန် ညွှန်ကြားထားကြောင်း သိရသည်။

ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံအတွင်း မသန်စွမ်း လူဦးရေ ၂၃ သိန်းကျော်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ၃၇၇,ဝဝဝ ကျော်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly