တောင်ဆူဒန်မှ ရန်သူတော်ကြီးနှစ်ဦး ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့

တောင်ဆူဒန်မှ ရန်သူတော်ကြီးနှစ်ဦး ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့

 

ဇွန် ၂၁ ။              ။ တောင်ဆူဒန်ပြည်တွင်းစစ်၏ အဓိကကျသူ ပုဂ္ဂိုလ်နှစ်ဦးတို့သည် နှစ်နှစ်နီးပါးကြာ ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ဇွန်လ ၂၀ ရက်က အီသီးယိုးပီးယားနိုင်ငံတွင်   တွေ့ဆုံခဲ့ကြကြောင်း သိရသည်။

တောင်ဆူဒန် သမ္မတ ဆယ်လ်ဗာ ကီယာနှင့် သူပုန်ခေါင်းဆောင် ရိခ် မာချာတို့သည် ယင်းနေ့က အီသီးယိုးပီးယားနိုင်ငံ မြို့တော် အဒစ် အဘားဘား၌ ပြုလုပ်သည့် တံခါးပိတ်အစည်းအဝေးတစ်ခုတွင် မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ကြသည်။ သူပုန်ခေါင်းဆောင် မာချာသည် ၂၀၁၆ ဇူလိုင်လက တောင်ဆူဒန်မှ ထွက်ပြေးလာခဲ့သူလည်း ဖြစ်သည်။

အီသီယိုးပီးယား၏ ကြားဝင်စေ့စပ်မှုကြောင့် ပေါ်ပေါက်လာသည့် ယခု တွေ့ဆုံပွဲ၏ အဓိက ရည်ရွယ်ချက်မှာ တောင်ဆူဒန် ရန်သူတော်နှစ်ဦးအကြား ငြိမ်းချမ်းရေးတံတားတစ်ခု ခင်းနိုင်ရန် ဖြစ်သည်။

သို့သော် ၎င်းတို့နှစ်ဦးအကြား မတည်ငြိမ်သော ဆိုးရွားသည့် ဆက်ဆံရေး ရှိခဲ့ခြင်းကြောင့် ယခုတွေ့ဆုံပွဲရလဒ် မည်ကဲ့သို့ ထွက်လာမည်နည်းနှင့်ပတ်သက်၍ မရှင်းမလင်း ဖြစ်နေကြောင်း အကဲဖြတ်လေ့လာသူများက ပြောသည်။

တစ်ချိန်က လွတ်လပ်ရေးတိုက်ပွဲကို အတူတကွ တိုက်ခဲ့ကြသည့် ရဲဘော်ရဲဘက်များဖြစ်ခဲ့ကြသော်လည်း ကီယာနှင့် မာချာတို့ နှစ်ဦးမှာ တောင်ဆူဒန် လွတ်လပ်ရေးရပြီးနောက် ဆက်ဆံရေး ဆိုးရွားလာခဲ့ပြီး ပြည်တွင်းစစ် ဖြစ်ခဲ့ရသည်အထိ အခြေအနေ ဆိုးရွားသွားခဲ့ရသည်။

တောင်ဆူဒန် ဒုသမ္မတအဖြစ် တာဝန်ယူနေသည့် မာချာသည် မိမိကို လုပ်ကြံအာဏာသိမ်းရန် ကြံစည်နေသည်ဟု ၂၀၁၃ ခုနှစ်က သမ္မတ ကီယာက ထုတ်ဖော်စွပ်စွဲပြီးနောက် ၎င်းတို့နှစ်ဦး ဂိုဏ်းကွဲသွားရာကနေတဆင့် ပြည်တွင်းစစ်အထိ ကျရောက်ခဲ့ရသည်။

ယင်း ပြည်တွင်းစစ်အတွင်း လူပေါင်း ထောင်ပေါင်းများစွာ သတ်ဖြတ်ခံရပြီး နိုင်ငံလူဦးရေ ၁၂ သန်းအနက် သုံးပုံ တစ်ပုံနီးပါးမှာလည်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly