ရန်ကုန်၊ ဇွန်လ ၁၉ ။ ။ မြန်မာနိုင်ငံမှ တင်သွင်းလာသော စံချိန်တင်များပြားသည့် Crystal meth မူးယစ်ဆေးဝါးများကို မလေးရှား တွင် ဖမ်းဆီးနိုင်ခဲ့မှုမှ ၄ ယောက်မြောက်နောက်တိုးတရားခံအား ဖမ်းမိထားပြီးဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့ ဇွန်လ ၁၉ ရက်၊ ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။
ပြည်ထဲရေးထုတ်ပြန်ချက်အရ ဇွန်လ ၂ ရက်နေ့တွင် မင်းနိုင်အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး မူးယစ်ဆေးဝါးများ ပို့ဆောင်ခဲ့သူဟုဆိုသူ မောင်မောင်(ခ) HJ Yassin အား ဇွန်လ ၅ ရက်နေ့တွင် မန္တလေးမြို့ (၁၆)မိုင်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
မလေးရှားနိုင်ငံတွင်နေထိုင်ပြီး စတိုးဆိုင် ဖွင့်လှစ်ထားသူ ဇေယျာဟိန်း (မောင်မောင်(ခ) HJ Yassin ၏ ယောက်ဖ)ဆိုသူကို ဇွန်လ ၉ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယခု ၄ ယောက်မြောက် နောက်တိုးတရားခံဖြစ်သည့် ထားဝယ်ကြီး (ခ) အောင်လွင်ကို မလွှဲတောင်စစ်ဆေးရေးဂိတ်တွင် ဇွန်လ ၁၂ ရက်နေ့က ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထားဝယ်မြို့ နေအိမ်မှ ICE (၁၀) ဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးထုတ်ြပန်ချက်တွင် ပါရှိသည်။ထွက်ပြေးလွတ်မြောက်နေသူများမှာ လှည်းကူးမြို့နယ်ရှိ Nice Guy ရေသန့်စက်ရုံမှ အောက်ပုစွန်တောင်လမ်းရှိ ဂိုုဒေါင်သိုု့ ပို့ဆောင်ပေးသူ ဟူစိန်(ခ) မိုဟာမက်ဟူစိန်၊ ချင်ကျားမူ (ခ)မကျားဝေ (ခ) နှင်းဦးလွင် နှင့် ၎င်း၏ ခင်ပွန်း အကိုကြီး(ခ) ကတုံး (စိစစ်ဆဲ၊ မလေးရှားနိုင်ငံတွင်နေထိုင်သူ)တို့ ၃ ဦးဖြစ်ကြောင်း သိရသည်။
ပြည်ထဲရေးမှ ယခုအမှုနှင့်ပတ်သက်ပြီး မူးယစ်ဆေးဝါးများ ပို့ဆောင်ခဲ့သူဟုဆိုသူ မောင်မောင်(ခ) HJ Yassin အကြောင်း ဇွန်လ ၆ ရက်နေ့က ထုတ်ပြန်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဒုတိယမြောက်အဖြစ် ဖမ်းဆီးရမိခဲ့သော မောင်မောင်(ခ) HJ Yassin ဆိုသူ ထွက်ဆိုချက်အရ မလေးရှားတွင် တွေ့ဆုံသိကျွမ်းခဲ့သည့် ချင်ကျားမူ(ခ) မကျားဝေ(ခ) နှင်းဦးလွင်(ဖမ်းမမိသေး) တာချီလိတ်မြို့နေသူထံမှ မူးယစ်ဆေးဝါးများအား မြန်မာပြည်တွင်း အဆင့်ဆင့်သော သယ်ဆောင်သူများဖြင့် ကားလမ်းကြောင်းနှင့် မော်တော်ယာဉ်အမျိုးမျိုးတို့ကိုအသုံးပြုကာ တာချီလိတ်မှတစ်ဆင့် ရန်ကုန်မြို့၊ လှည်းကူး မြို့နယ်ရှိ မင်းနိုင်ပိုင် Nice Guy သောက်ရေသန့် စက်ရုံသို့ပို့ခဲ့ကြောင်းသိရသည်။
ယင်းစက်ရုံမှတစ်ဆင့် ဟူစိန်(ခ) မိုဟာမက်ဟူစိန် (ဖမ်းမမိသေး)မှ ၎င်း၏ Bongo Box ယာဉ်ဖြင့် အောက်ပုဇွန်တောင်လမ်းရှိ မောင်မောင်၏ ဂိုဒေါင်သို့ပို့ဆောင်ခဲ့ကြောင်း၊ ထိုမှတဆင့် မင်းနိုင်၏ Nice Guy Clerance Service Agency မှ စီစဉ်ပေးမှုဖြင့် ကွန်တိန်နာအတွင်း မြန်မာ့ရိုးရာအစားအသောက်များနှင့် ရောနှောကာ မလေးရှားနိုင်ငံသို့ ပို့ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ရေလမ်းကြောင်းဖြင့် မလေးရှားနိုင်ငံသို့ ရောက်ရှိကာ မလေးရှားနိုင်ငံတွင်နေထိုင်ပြီး စတိုးဆိုင် ဖွင့်လှစ်ထားသူ ဇေယျာဟိန်း (မောင်မောင်(ခ) HJ Yassin ၏ ယောက်ဖ)မှ အဆင့်ဆင့် အဆက်အသွယ်များဖြင့် လက်ခံရယူထိန်းသိမ်းပြီး ၎င်းမှတဆင့် ချင်ကျားမူ (ခ)မကျားဝေ (ခ) နှင်းဦးလွင် ၏ခင်ပွန်း အကိုကြီး(ခ) ကတုံး (စိစစ်ဆဲ၊ မလေးရှားနိုင်ငံတွင်နေထိုင်သူ)ထံသို့ ဆက်လက် ပေးပို့ရကြောင်း၊ အကိုကြီး (ခ) ကတုံးသည် မလေးရှားနိုင်ငံတွင် မူးယစ်ဆေးဝါးများ ဖြန့်ဖြူးနေသူ တစ်ဦးဖြစ်ကြောင်း ဖော်ထုတ်ရရှိခဲ့ကြောင်း ပြည်ထဲရေး ထုတ်ပြန်ချက်တွင် ဖော်ြပပါရှိသည်။
ထားဝယ်မြို့တွင် နေထိုင်သူ ထားဝယ်ကြီး (ခ) အောင်လွင် အား မလေးရှား၌ တွေ့ဆုံသိကျွမ်းခဲ့ပြီး ၎င်းတို့သည် ချင်ကျားမူ(ခ) မကျားဝေ(ခ) နှင်းဦးလွင်နှင့်ဆက်သွယ်ကာ မူးယစ်ဆေးဝါးများကို မလေးရှားနိုင်ငံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ထားဝယ်ကြီး(ခ)အောင်လွင် ၏ထွက်ဆိုချက်အရ မောင်မောင် (ခ) HJ Yassin ၊ ဇေယျာဟိန်း၊ ချင်းကျားမူ (ခ) မကျားဝေ (ခ) နှင်းဦးလွင်နှင့် ၎င်း၏ခင်ပွန်း အကိုကြီး (ခ) ကတုံးတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးများကို မင်းနိုင်၏အကူအညီဖြင့် မလေးရှားနိုင်ငံသို့ ပေးပို့ခဲ့ကြောင်းနှင့် ၎င်းသည် ယခင်က မလေးရှားနိုင်ငံ၌ မူးယစ်ဆေးဝါးမှုဖြင့် ထောင်ကျခဲ့ဖူးကြောင်း ဝန်ခံထွက်ဆိုခဲ့သည်ဟု ပါရှိသည်။
ဖမ်းဆီးထားသူများအား စစ်ဆေးဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသော အကျိုးအမြတ်များဖြင့် ရယူပိုင်ဆိုင်ထားသည်ဟု ယူဆရသည့် မြေ၊ အဆောက်အဦ၊ မော်တော်ယာဉ်၊ ရွှေ၊ ငွေ၊ ဘဏ်စာရင်းများကို စိစစ်ခဲ့ရာ မောင်မောင်(ခ) HJ Yassin (ဖမ်းမိ)ထံမှ ခန့်မှန်းကျပ်သိန်းပေါင်း ခုနှစ်သောင်းကျော်၊ ထားဝယ်ကြီး (ခ) အောင်လွင် (ဖမ်းမိ)ထံမှ ခန့်မှန်း ကျပ်သိန်းပေါင်း နှစ်သောင်းခုနှစ်ထောင်ကျော်၊ ဇေယျာဟိန်း (ဖမ်းမိ)ထံမှ ခန့်မှန်း ကျပ်သိန်း ပေါင်း လေးထောင်ကျော်၊ မင်းနိုင်(ဖမ်းမိ)ထံမှ ခန့်မှန်းကျပ်သိန်းပေါင်း ငါးရာခန့် ရှိကြောင်း သိရသည်။
ထို့ပြင်ချင်ကျားမူ (ခ) မကျားဝေ (ခ)နှင်းဦးလွင်(တိမ်းရှောင်) ပိုင်ဆိုင်သည့် ခန့်မှန်းကျပ်သိန်းပေါင်း ရှစ်သောင်းကျော်၊ ဟူစိန်(ခ) မိုဟာမက်ဟူစိန် (တိမ်းရှောင်) ပိုင်ဆိုင်သည့် ခန့်မှန်းကျပ်သိန်းပေါင်း ငါးထောင်ကျော် တို့အား ကနဦးစိစစ်တွေ့ရှိထားကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထိန်းသိမ်းကာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက်လက် အရေးယူဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးထုတ်ပြန်ချက်တွင်ပါရှိသည်။
ပြီးခဲ့သည့် မေလ ၂၂ ရက်က မြန်မာနိုင်ငံမှတင်ပို့လိုက်သည့် ယင်းမူးယစ်ဆေးဝါးများကို သင်္ဘောကွန်တိန်နာတစ်ခုတွင် လက်ဖက်ခြောက်ထုပ်များနှင့်ဝှက်လျက် သယ်ဆောင်လာသည်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မလေးရှား ဘက်မှ မေလ ၂၈ ရက်တွင် ထုတ်ပြန်ပြောဆိုထားသည်။
မလေးရှားဘက်မှ ထုတ်ပြန်ချက်အရ တန်ချိန်ပေါင်း ၁ ဒသမ ၂ တန် နီးပါးရှိ မူးယစ်ဆေးဝါးများဖြစ်ပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၈ သန်း (ရင်းဂစ် ရ၁ သန်း) ခန့်ရှိပြီး အလေးချိန် ၁,၁၈၇ ကီလို ရှိကာ စံချိန်တင် ပမာဏများပြားကြောင်းသိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ မလေးရှားနိုင်ငံသားသုံးဦးနှင့် မြန်မာနိုင်ငံသား သုံးဦးတို့ကိုပါ ဖမ်းဆီးနိုင်ခဲ့ သည်ဟု နိုင်ငံတကာသတင်းများတွင်လည်း ဖော်ပြထားသည်။