ဒေါ်အောင်ဆန်းစုကြည်၏ (၇၃)နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် မကွေးတွင် သစ်ပင်စိုက်ပျိုး

ဒေါ်အောင်ဆန်းစုကြည်၏ (၇၃)နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် မကွေးတွင် သစ်ပင်စိုက်ပျိုး

ဇွန်လ ၁၉ ။           ။ ဇွန်လ ၁၉ ရက်နေ့တွင်ကျရောက်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏  ရ၃ နှစ် မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးစီး၍ ဇွန်လ ၁၉ ရက်နေ့ မနက်ပိုင်းက သစ်ပင်စိုက်ပျိုးမှုများ ဆောင်ရွက်ခဲ့သည်။

အဆိုပါသစ်ပင်စိုက်ပျိုးရာတွင် မကွေးမြို့ မေတ္တာလမ်း အထက(၁)လမ်းပြည်တော်သာလမ်းများတွင်​မယ်ဇယ်၊ ခရေ ၊ရေတမာ ၊မက္ကစီကို၊ညောင်စိမ်း ၊ထိုင်ဝမ်ဘဏ္ဍာပင်များ စုစုပေါင်း သစ်ပင် ၃၀၀ ခန့်အား စနစ်တကျစိုက်ပျိုးခဲ့ကြောင်း မကွေးမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဖိုးနီက ပြောသည်။

“ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးတာပါ။ သစ်ပင်စိုက်ပျိုးတယ်ဆိုတဲ့နေရာမှာလည်း စနစ်တကျစိုက်ပျိုးခဲ့ပါတယ်၊ သစ်ပင်တွေကြီးလာတဲ့အချိန် လျှပ်စစ်ဓာတ်အားလိုင်း နဲ့မလွတ်ကင်းတဲ့ အပင်တွေမဖြစ်အောင် ၊ လျှပ်စစ်ဓာတ်အားလိုင်းကြိုးတွေ ရှိတဲ့နေရာဆိုရင် အပင်ပုမျိုးတွေဖြစ်တဲ့ မယ်ဇယ်၊ ညောင်စိမ်းတွေကို စိုက်ပျိုးတယ်။ ဓာတ်အားလိုင်းကြိုးနဲ့ လွတ်တဲ့နေရာဆိုရင် အပင်ကြီးမျိုး ၊ထိုင်ဝမ် ဘဏ္ဍာပင်၊ ခရေ၊ရေတမာပင်တွေကိုစိုက်ပျိုးပါတယ်၊ သစ်ပင်တွေကြောင့် ရေမြောင်းတွေကို အတာအဆီးမဖြစ်စေဖို့အတွက်လည်း သစ်ပင်တွေစိုက်ပျိုးရာမှာ ရေမြောင်းတွေနဲ့ လေးပေခြားပြီးမှ သစ်ပင်တွေ စိုက်ပျိုးတာပါ” ဟု ဦးဖိုးနီကပြောသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် ယမန်နှစ်ကလည်း စိုက်ပျိုးခဲ့ကြောင်း၊ ယခုနှစ်နှင့်ဆိုလျှင် ၂ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

အဆိုပါသစ်ပင်များအား မကွေးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သစ်ပင်များ၊ စည်ပင်သာယာရေးပန်းခြံမှ သစ်ပင်များ အပြင် ပန်းခြံများမှ ညောင်စိမ်း ၊ထိုင်ဝမ်ဗံဒါပင်များကို ဝယ်ယူစိုက်ပျိုးခဲ့ကြောင်း ထိုင်ဝမ် ဗံဒါပင်ငါးပေရှိ အပင်အား (၈၀၀၀)ကျပ်၊ညောင်စိမ်းသုံးပေရှိအပင်အား (၃၅၀၀)ကျပ်နှုန်းဖြင့် ဝယ်ယူစိုက်ပျိုးကြောင်း သိရသည်။

သစ်ပင်စိုက်ပျိုးရာတွင် စည်ပင်သာယာရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကန်သာရပ်ကွက်နေပြည်သူ များ၊ ရပ်မိရပ်ဖများ၊ NLD ပါတီဝင်များ အင်အား ၁၅၀ ခန့် စိုက်ပျိုးခဲ့ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly