ကချင်ပြည်နယ်တွင်း မြို့နယ်အချို့ ရေကြီးမည့်အန္တရယ် စိုးရိမ်နေရ

ကချင်ပြည်နယ်တွင်း မြို့နယ်အချို့ ရေကြီးမည့်အန္တရယ် စိုးရိမ်နေရ

စက်တင်ဘာလ ၁ ရက် ချင်းမိုင်(မဇ္ဈိမ) ။    ။ ကချင်ပြည်နယ် ဖားကန့်၊ တနိုင်းနှင့် မြစ်ကြီးနားမြို့နယ်များတွင် ယခုတစ်ပတ်အတွင်း မိုးဆက်တိုက်ရွာသွန်း မှုကြောင့်မြစ်ရေများမြင့်တက် လာနေရာဒေသခံများ သတိနှင့်နေထိုင်နေကြရသည်ဟု ဒေသခံများက ပြောသည်။

မြစ်ကြီးနားမြို့နယ်အတွင်း မိုးအဆက်မပြတ် ရွာခြင်းကြောင့် ဧရာဝတီမြစ်ရေနှင့် တနိုင်းမြစ်ရေတို့ မြင့်တက်လာခြင်းဖြစ်သည်။“မြစ်ကြီးနားမှာ မိုးရွာတာ ၄ ရက်၊ ၅ရက်ရှိပြီ။ ဧရာဝတီမြစ်ကလည်း နည်းနည်း ကြီးလာပြီ။ အရမ်း စိုးရိမ်စရာတော့ မရှိသေးပေမဲ့ လူတွေက သတိနဲ့ စောင့်ကြည့်နေကြတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

တနိုင်းဒေသတွင်လည်း တနိုင်းမြစ် ပေ ၂၀ ကျော်ခန့် မြင့်တက်နေပြီ ဖြစ်၍ မြစ်နဘေးတွင် နေထိုင်နေသော ကျေးရွာများကိုလည်း အစိုးရ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ယူ၍ သတိပေး ခေါ်ယူမှုများရှိနေသည် ဟုကက်သလစ်အသင်းတော်မှ ဆရာအင်ဖန်နော်တောင် ကပြောသည်။

“မြစ်ကဘေးက ရွာသားတွေ၊ တောင်ယာလုပ်နေတဲ့ ရွာသားတွေကို ဒီနေ့မှ အစိုးရအုပ်ချုပ်ရေးက သွားခေါ် နေတယ်။ နမ်ဘရိုချောင်းနဲ့ တနိုင်းမြစ်လည်း ကြီးနေတယ်။ စိုးရိမ်ရတဲ့ အဆင့်တော့ မရောက်သေးဘူး။ ဒါပေမဲ့ မြစ်က အနည်းဆုံး ပေ ၂၀ လောက် မြင့်တက်နေပြီလို့ပြောလို့ ရတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

အလားတူ ပြီးခဲ့သည့် ရက်ပိုင်းက ဖားကန့်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် သြဂုတ်လ ၃၀ ရက်မှ စတင်၍ ဥရုချောင်း ရေကြီးလာကာ ဥရုချောင်းတံတားနှင့် လုံးခင်း၊ ဆိပ်မူ၊ ငှက်ပျောတော ရပ်ကွက်အချို့တွင် နေအိမ်အချို့ ယနေ့ထိ နစ်မြုပ်နေဆဲ ဖြစ်၍ ဒေသခံ ၁၀၀ ကျော်သည် ဖားကန့်မြို့ပေါ်ရှိ နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်း အပေါ်ထပ်တွင် ခိုလှုံနေရသည်ဟု ဖားကန့်မြိ့မှ ဦးလမောင် လတောင်က ပြောသည်။

ဒေသခံတချို့က ဘုရားကျောင်းတွေ၊ ဆွေးမျိုးတွေ နေအိမ်တွေမှာ ခိုလှုံနေကြတယ်။ ဖားကန့် ဘုရားကျောင်းလဲမြုပ်တယ်။ ဒါပေမဲ့ အပေါ်ထပ်မှာ နေနေကြတာ၊ အရမ်းကြီး လျော့သွားတာ မရှိသေးဘူး”ဟု သူက မဇ္ဈိမကို ပြောသည်။

ဟိမဝန္တတောင်ပေါ်တွင် သဘာဝ မဟုတ်သော ရေကန် အများအပြား ပေါ်လာပြီး မြေသားခိုင်မာမှုမရှိသည့် အောက်ခံမြေပြင်ပေါ်သို့ မိုးသည့်ထန်လာပါက မြေပြိုကျတတ်သဖြင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ရေကြီးလာနိုင်သည်ဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သြဂုတ်လ ၂၃ ရက်က သတိပေးထားသည်။ ၂၀၀၄ ခုနှစ် ဇူလိုင်လက မြစ်ကြီးနားမြို့တွင် တစ်နေ့ထဲနှင့် ရေ ၂၄ ပေကျော်တက်သွားခဲ့သည်ဟု သူက သတိပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly