မလေးရှားတွင် စံချိန်တင် မူးယစ်အမှုမှ တတိယမြောက် သံသယရှိတရားခံအား ဖမ်းမိထား

မလေးရှားတွင် စံချိန်တင် မူးယစ်အမှုမှ တတိယမြောက် သံသယရှိတရားခံအား ဖမ်းမိထား

 ရန်ကုန်၊ ဇွန်လ ၁၅ ။               ။  မြန်မာနိုင်ငံမှ တင်သွင်းလာသော စံချိန်တင်များပြားသည့် Crystal meth မူးယစ်ဆေးဝါးများကို မလေးရှားတွင် ဖမ်းဆီးနိုင်ခဲ့မှုမှ တတိယမြောက် သံသယရှိ ကွင်းဆက်တရားခံအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိထားသည်။

အဆိုပါ တတိယမြောက် သံသယရှိ ကွင်းဆက်တရားခံမှာ အသက် ၃ဝ ဝန်းကျင်ခန့်ရှိပြီး ဖမ်းဆီးရမိခဲ့သည့် အသေးစိတ်အချက်အလက်အား သက်ဆိုင်ရာ အာဏာပိုင်များက ယနေ့ ဇွန်လ ၁၅ ရက်နေ့အထိ ထုတ်ဖော် ပြောကြားခြင်းမရှိသေးပေ။

ယနေ့ ဇွန်လ ၁၅ ရက်နေ့၊ မွန်းလွဲပိုင်းတွင် အဆိုပါ မလေးရှားမူးယစ်အမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးရမိထားသည့် အဓိကတရားခံဟု သံသယရှိသူ မောင်မောင်(ခ) Hj Yassin ဆိုသူအပါအဝင် ၃ ဦးကို ဆိပ်ကမ်းမြို့နယ် တရား ရုံးတွင် ဒုတိယအကြိမ် ချုပ်ရမန်ယူခဲ့သည်။

မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးထားသူ ၃ ဦးကို ဆိပ်ကမ်းမြို့နယ်တရားရုံးတွင် ဒုတိယအကြိမ်ရမန်ယူပြီးပါက ခရိုင်တရားရုံးတွင် အမှုတရားစွဲတင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်မှူးရုံးမှ ရဲအရာရှိတစ်ဦး ပြောပြချက်အရ သိရသည်။

ပထမဆုံး သံသယတရားခံ အမည်မသိအမျိုးသားအား ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး မောင်မောင်(ခ) Hj Yassin ဆိုသူအား ဇွန်လ ၅ ရက်၊ ညပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ ၁၆ မိုင် စစ်ဆေးရေးစခန်း၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ မောင်မောင် (ခ) Hj Yassin နှင့် ပူးပေါင်းပါဝင်သူတရားခံများအား ဖမ်းဆီးနိုင်ရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်းကာ ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မေလ ၂၂ ရက်က မြန်မာနိုင်ငံမှတင်ပို့လိုက်သည့် ယင်းမူးယစ်ဆေးဝါးများကို သင်္ဘောကွန်တိန်နာတစ်ခုတွင် လက်ဖက်ခြောက်ထုပ်များနှင့်ဝှက်လျက် သယ်ဆောင်လာသည်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မလေးရှား ဘက်မှ မေလ ၂၈ ရက်တွင် ထုတ်ပြန်ပြောဆိုထားသည်။

မလေးရှားဘက်မှ ထုတ်ပြန်ချက်အရ တန်ချိန်ပေါင်း ၁ ဒသမ ၂ တန် နီးပါးရှိ မူးယစ်ဆေးဝါးများဖြစ်ပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၈ သန်း (ရင်းဂစ် ရ၁ သန်း) ခန့်ရှိပြီး အလေးချိန် ၁,၁၈၇ ကီလို ရှိကာ စံချိန်တင် ပမာဏများပြားကြောင်းသိရသည်။ အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ မလေးရှားနိုင်ငံသားသုံးဦးနှင့် မြန်မာနိုင်ငံသား သုံးဦးတို့ကိုပါ ဖမ်းဆီးနိုင်ခဲ့ သည်ဟု နိုင်ငံတကာသတင်းများတွင်လည်း ဖော်ပြထားသည်။

ယင်းမှုးယစ်ဆေးဝါးများကို ရန်ကုန်မြို့ရှိ Nice Guy Clearance Service Agency မှ ကုန်သေတ္တာအမှတ် (FSCU 9911521) ထဲတွင် စားသောက်ကုန်များဖြင့် ရောနှော ထည့်သွင်း၍ မလေးရှားနိုင်ငံသို့ တင်ပို့ခဲ့ခြင်းဖြစ်ပြီး ပို့ဆောင်ခိုင်းသူမှာ တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ ဖိုးစိန်လမ်း၊ ပထမထပ်၊ မ/၅၀(A)နေ လက်ရှိဖမ်းဆီးထားသူ အသက် ၄၄ နှစ်အရွယ် မောင်မောင် (ခ) Hj Yassin ဖြစ်သည်ဟု သိရကြောင်း ပြန်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင်ပါရှိသည်။ လက်ရှိတွင် ပုဂ္ဂလိကဘဏ်နှစ်ခုတွင်လည်း မောင်မောင် (ခ) Hj Yassin ဆိုသူ ငွေစာရင်းနှင့် ဆက်စပ်တရားခံ (၁)ဦးတို့၏ ငွေစာရင်းရှိ ကျပ်သိန်းပေါင်း ၂၈ဝဝဝ ကျော်နှင့် ATM ကတ် ၂ ခုတို့ကိုလည်း ယာယီပိတ်သိမ်းထားကြောင်း ပြည်ထဲရေးထုတ်ပြန်ချက်တွင် ပါရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly