ကင်မ်နှင့်အကြား သဘောတူစာချုပ် လက်မှတ်ထိုးမည်ဟု ထရမ့် ပြော

ကင်မ်နှင့်အကြား သဘောတူစာချုပ် လက်မှတ်ထိုးမည်ဟု ထရမ့် ပြော

ဇွန် ၁၂ ။          ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျံုအန်းနှင့် သမိုင်းဝင်တွေ့ဆုံမှုတွင် တိုးတက်သည့် အခြေအနေကောင်းများ ဖြစ်ပေါ်ခဲ့ပြီး များစွာ ခရီးပေါက်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။

ယင်းအပြင် ကင်မ်နှင့် အကြား သဘောတူညီမှု လက်မှတ်ထိုးသွားမည်ဖြစ်ကြောင်း လည်း ထရမ့်က ပြောသည်။ မည်သည့်ကိစ္စ မည်သည့်သဘောတူညီချက် ဆိုသည်ကိုတော့ ရှင်းလင်းစွာ ပြောဆိုခြင်း မရှိပေ။

ယခု ကင်မ်နှင့် တွေ့ဆုံမှုကတော့ တကယ့်ကို လွန်စွာ ကောင်းမွန်သည့် တွေ့ဆုံမှု ဖြစ်ကြောင်း ထရမ့်က ၀မ်းပန်းတသာ ပြောသွားသည်။

" ကျုပ်တို့အကြား တကယ့်ကို အရမ်းကောင်းတဲ့ ဆွေးနွေးမှုတွေ ဖြစ်ခဲ့ပါတယ်၊ ဆွေးနွေးမှုတွေမှာ အတော်လေး ခရီးပေါက်ခဲ့ပါတယ်၊ အရမ်း ကောင်းပါတယ်" ဆိုပြီး ထရမ့်က Capella ဟိုတယ်မှာ ကင်မ်နှင့်အတူ လမ်းလျှောက်ထွက်ရင်း သတင်းထောက်များကို ပြောသွားခဲ့သည်။

အဆိုပါ ခေါင်းဆောင်ကြီးနှစ်ဦးမှာ ယနေ့မနက်က မိနစ် ၄၀ နီးပါး မျက်နှာချင်း ဆိုင် သီးသန့် တွေ့ဆုံခဲ့ကြပြီး ယင်းတွေ့ဆုံမှုတွင် အခြေအနေကောင်းများရှိခဲ့သည်ဟု သိရသည်။

ပထမဆုံးအကြိမ်အဖြစ် နှစ်ဦးသား တွေ့ဆုံကြစဉ် ထရမ့်က ယခုကဲ့သို့ ကင်မ်နှင့် တွေ့ဆုံရသည်ဟု ၎င်းအတွက် အလွန်တရာ ဂုဏ်ယူစရာဖြစ်ကြောင်း ပြောခဲ့သည်။ ၎င်းတို့အကြားတွင် အလွန်ကောင်းမွန်သည့် ဆက်ဆံရေး ရှိလာတော့မည်ဟု သံသယရှိစရာ မလိုကြောင်း ထရမ့်က ပြောသည်။

ကင်မ်ကလည်း ယခုကဲ့သို့ ဤနေရာသို့ လာရောက်ရသည်မှာ မလွယ်ကူခဲ့ကြောင်း၊ ယခင်က ကျင့်သုံးလုပ်ကိုင်ထားမှုများက မိမိတို့နှစ်ဘက်စလုံးအတွက် အတားအဆီးများသဖွယ် ဖြစ်ခဲ့ရကြောင်း၊ ဒါတွေကိုခုချိန်မှာ ကျော်လွှားနိုင်ခဲ့ပြီး ယခုကဲ့သို့ ယနေ့ တွေ့ဆုံနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ကင်မ်က ပြောခဲ့သည်။

ခေါင်းဆောင်ကြီးနှစ်ဦး သီးသန့်တွေ့ဆုံခဲ့ပြီးနောက် ၎င်းတို့၏ သက်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့များပါ ပါ၀င်သည့် တွေ့ဆုံမှုတစ်ရပ်ကိုလည်း ထပ်မံပြုလုပ်ခဲ့သေးသည်။ ယင်းနောက် နေ့လည်စာ အတူတကွ သုံးဆောင်ခဲ့ကြသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags