ဂူဂဲက ပြိုင်ဘက်များကို နှိပ်ကွက်နေသည်ဟု အိန္ဒိယစွပ်စွဲ

ဂူဂဲက ပြိုင်ဘက်များကို နှိပ်ကွက်နေသည်ဟု အိန္ဒိယစွပ်စွဲ

နယူးဒေလီ၊ စက်တင်ဘာ - ၁ ။          ။ ကြော်ငြာများကို ရှာဖွေရာမှာ ၎င်း၏သြဇာကို အလွန်အကျွံ အသုံးပြုသည်ဟု အိန္ဒိယအာဏာပိုင်များက အင်တာနက်ဘီလူးကြီး ဂူဂဲကို စွပ်စွဲခဲ့သည်။

သုံးနှစ်ကြာ စုံစမ်းစစ်ဆေးမှုမှာ ဂူဂဲက ၎င်း၏ ကိုယ်ပိုင်ဝန်ဆောင်မှုများကိုသာ တရားမျှတမှုကင်းမဲ့စွာ အသားပေးဖော်ပြလွန်းသည်ဟူသည့် ဝဘ်ဆိုက်သုံးလေးခုက တင်သွင်းလာသော တိုင်ကြားချက်များ အပေါ် ဗဟိုပြုနေသည်။

ယခုအိန္ဒိယအာဏာပိုင်များ၏ စွပ်စွဲမှုများမှာ ရှာပုံတော်ဘီလူးကြီး ဂူဂဲ အမေရိကန်နှင့် ဥရောပတွင် ရင်ဆိုင်နေရသည့် အခြားစွဲချက်များနှင့် အတူတူပင် ဖြစ်သည်။

သို့ရာတွင် ဆန်ဖရန်စစ္စကိုအခြေစိုက် ဂူဂဲကုမ္ပဏီကမူ အိန္ဒိယတွင် မည်သည့်မသမာမှုမျှ မပြုလုပ်ခဲ့ကြောင်း ယုံကြည်နေသည်ဟု ပြောကြားခဲ့သည်။ အိန္ဒိယပြိုင်ဆိုင်မှုကော်မရှင် ၏တွေ့ရှိချက်များကို ဂူဂဲ အနေဖြင့် ၁၀ရက်အတွင်း ဖြေရှင်းချက်ပေးရမည်ဖြစ်သည်။

ဂူဂဲမှာ ဥရောပတွင်လည်း ပြိုင်ဘက်များထက် နှာတစ်ဖျားသာနေစေရန်အတွက် ဈေးဝယ် ရှာပုံတော်ရလဒ်များကိုလည်း ခြယ်လှယ်ကစားနေသည်ဟူသော စွပ်စွဲမှုများကို ရင်ဆိုင်နေရသည်။  

အင်တာနက်ဘီလူးကြီး ဂူဂဲက ၎င်း၏ ကြော်ငြာဝင်ငွေများကို လျော့ပါးစေနိုင်သည့် ပြိုင်ဘက်များထံမှ လမ်းကြောင်း (traffic)များကို တိမ်းဖယ်သွားစေရန်အတွက် ရှာပုံတော်ရလဒ်များကို ကစားနေသလား ဆိုသည်နှင့် ပတ်သက်၍ ဥရောပ ဈေးကွက်ပြိုင်ဆိုင်မှု ထိန်းသိမ်းကွပ်ကဲသူများက စစ်ဆေးလျှက်ရှိသည်ဟု ဆိုသည်။

ဂူဂဲကမူ စွပ်စွဲချက်များကို ငြင်းဆန်ထားသည်။ အကယ်၍ ဥရောပတွင် အမှုရှုံးခဲ့ပါက ဂူဂဲမှာ ဒေါ်လာ ဘီလျံပေါင်းများစွာ ဒဏ်တပ်ခံရမည်ဖြစ်သည်။

၂၀၁၃ခုနှစ်ကလည်း အမေရိကန်တွင် ဈေးကွက်ပြိုင်ဆိုင်မှု ထိန်းကွပ်သူများက ဂူဂဲ၏ လုပ်နည်းလုပ်ဟန်များကို စစ်ဆေးခဲ့သော်လည်း ဝဘ်ဆိုက်များကို အစူအစဉ်နှင့်ပတ်သက်၍ ဂူဂဲက ကြီးမားသောပြောင်းလဲမှုများ မပြုလုပ်ခဲ့ ဟုကောက်ချက်ချခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly