မလေးရှားက 1MDB အရှုပ်တော်ပုံနှင့် ဆက်နွယ်သည့် အဓိကတရားခံကို စင်ကာပူ ဖမ်းဝရမ်း ထုတ်

မလေးရှားက 1MDB အရှုပ်တော်ပုံနှင့် ဆက်နွယ်သည့် အဓိကတရားခံကို စင်ကာပူ ဖမ်းဝရမ်း ထုတ်

 

စင်ကာပူ၊ ဇွန် ၈ ။         ။ မလေးရှားနိုင်ငံက နိုင်ငံတော်ရင်းနှီးမြုပ်နှံမှုရန်ပုံငွေလုပ်ငန်း 1MDB မှ ငွေကြေးများ လွှဲပြောင်းမှုများနှင့် ဆက်စပ်သော ငွေကြေးခဝါချမှု ပြစ်ဒဏ်ဖြင့် စုံစမ်းစစ်ဆေးမှုများအရ မလေးရှား ငွေရှင်ကြေးရှင် ဂျိုလိုအား ဖမ်းဝရမ်း ထုတ်ထားကြောင်း စင်ကာပူက ဇွန် ၈ ရက်တွင် အတည်ပြုသည်။

မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ပါ ပါဝင်ငြိစွန်းမှု ရှိနေသော 1MDB မှ နို်င်ငံတော် ရန်ပုံငွေများ လမ်းကြောင်းလွှဲပြောင်းခြင်း အကျင့်ပျက်ခြစားမှု စုံစမ်းစစ်ဆေးရေးတွင် ဂျိုလိုအား အဓိကတရားခံအဖြစ် ကောက်ချက်ချထားသည်။

“စုံစမ်းစစ်ဆေးမှုတွေအရ စင်ကာပူအာဏာပိုင်တွေဟာ ဂျိုလိုကို ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။ သူဟာ ဒီငွေကြေးခဝါချမှုတွေကို စင်ကာပူမှာ ကျုးလွန်ခဲ့သူ အဓိကသံသယ ရှိရသူဖြစ်တယ်။ စင်ကာပူမှာတော့ ရှိမနေနိုင်တော့ဘူး။”ဟု စင်ကာပူ ကုန်သွယ်ရေးနှင့် ငွေကြေးအာဏာပိုင်အဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

နာဂျစ်နှင့် နီးစပ်သော ဆက်ဆံပတ်သက်မှု ရှိသည်ဟု သတင်းများ ရှိထားသည့် ငွေရှင် ဂျိုလိုကို ဝရမ်းထုတ်ထားကြောင်း မလေးရှား ဝန်ကြီးချုပ်သစ် မိုဟာမတ်မဟာသီယာက ဇွန် ၈ ရက်တွင် အတည်ပြုသော်လည်း စင်ကာပူနှင့် တရားခံလွှဲပြောင်းပေးရေး သဘောတူညီမှု မရှိထားကြောင်း ဖြည့်စွက်ပြောသည်ဟု ဒေသတွင်း မီဒီယာများက ဖော်ပြသည်။

မလေးရှား အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကော်မရှင် MACC က ဇွန် ရ ရက်တွင် ဂျိုလိုအား သမ္မန်ဆင့်ခေါ်ထားကာ ရှင်းလင်းချက် ထုတ်ပြန်ခိုင်းထားသည်။

ဂျိုလိုအနေဖြင့် လာရောက်ခြင်း မရှိ ပျက်ကွက်ခဲ့ပါက တရားဥပဒေနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း MACC ဒုတိယကော်မရှင်နာမင်းကြီးက ပြောပြီး ဂျိုလိုမှာ စုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်းဆောင်ရွက်မည်ဟု ၎င်း၏ ရှေ့နေမှ အကြောင်းကြားထားကြောင်း ဖြည့်စွက် ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly