အမေရိကန် သံဝန်ထမ်းများ ထူးဆန်သော ရောဂါဝေဒနာများ ဖြစ်ပွားခံစားမှုနှင့် ပတ်သက်ကာ တရုတ် ရှင်းလင်း

အမေရိကန် သံဝန်ထမ်းများ ထူးဆန်သော ရောဂါဝေဒနာများ ဖြစ်ပွားခံစားမှုနှင့် ပတ်သက်ကာ တရုတ် ရှင်းလင်း

ပေကျင်း၊ ဇွန် ရ ။          ။ တရုတ်နိုင်ငံတွင် အမေရိကန်သံရုံးဝန်ထမ်းများ အမျိုးအမည်မသိ ထူးဆန်းသော ဝေဒနာများ ခံစားမှုများ ရှိခဲ့ရာ ထပ်မံဖြစ်ပွားမှုများကို စိုးရိမ်သဖြင့် တော်တော်များများသော ၀န်ထမ်းများကို နိုင်ငံခြားရေး ၀န်ကြီးဌာနက ဘေးလွတ်ရာ ရွှေ့ပြောင်းထားသည်။

ကျန်ကျို့မြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံး အလုပ်သမားတစ်ဦး ရှင်းမပြနိုင်သော ရောဂါလက္ခဏများ ဖြစ်ပွားသဖြင့် ဘေးလွတ်ရာ ရွှေ့ပြောင်းပေးအပြီး တရုတ်နိုင်ငံက ၎င်းနိုင်ငံအတွင်း အမေရိကန်သံတမန်များကို တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး မည်သည့်သက်သေမှ မတွေ့ကြောင်း ဇွန် ရ ရက်တွင် ပြောသည်။

ဒုတိယ ဖြစ်ပွားသူအဖြစ် အမေရိကန်ဝန်ထမ်းတစ်ဦးဖြစ်သည့် မတ်အေလေန်ဇီက ကျန်ကျို့က ကောင်စစ်ဝန်ရုံး အလုပ်သမားနည်းတူ ခေါင်းကိုက်ခြင်း၊ မူးဝေအော့အန်ခြင်းနှင့် ငိုက်မြည်းခြင်းများ ဖြစ်ပေါ်ခံစားနေခဲ့ရာ ၎င်းအား မိသားစုနှင့်အတူ ရွှေ့ပြောင်းပေးခဲ့ရသည်။

“ဒီလို အမေရိကန်မစ်ရှင်က ၀န်ထမ်းတွေမှာ ကြံုတွေ့ဖြစ်ပွားတဲ့ ရောဂါလက္ခဏာမျိုးတွေနဲ့ ပတ်သက်ပြီး တရုတ်က သက်ဆိုင်ရာအာဏာပိုင်တွေဟာ စုံစမ်းစစ်ဆေးမှု တစ်ရပ်ပြုလုပ်ခဲ့ပါတယ်။ ဒီမှာ တိုက်ခိုက်မှု အရိပ်အယောင်မျိုး မည်သည့် သက်သေမှ မတွေ့ရကြောင်း အမေရိကန်ထံလည်း ပြန်ကြားခဲ့ပါတယ်။”ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရဟု ဟွာချန်ယင်းက ဇွန် ရ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

နယူးယောက်ခ်တိုင်းမ်စ်သတင်းစာက ဇွန် ၆ ရက်တွင် ဖော်ပြထားသည့် ဒုတိယမြောက် ဝေဒနာခံစားရသူအကြောင်းကို တရုတ်တာဝန်ရှိသူများထံ အမေရိကန်သံတမန်များက သတင်းအကြောင်းကြားထားမှု မရှိကြောင်း ယင်းပြောခွင့်ရသူက ဖြည့်စွက်ဆိုသည်။

“ကျွန်မတို့ တရားဝင် သိရတာက အမျိုးအမည် မသိ ဝေဒနာခံစားရတယ်ဆိုတဲ့ အမေရိကန်သံဝန်ထမ်း တစ်ဦးအကြောင်းပဲ ရှိပါတယ်။ တကယ်လို့့လည်း ဒီလိုဖြစ်ပွားနေတာမှာ ပြဿနာတစ်ချို့ ရှိနေတယ်ဆိုရင်တော့ တရုတ်နဲ့ အမေရိကန် တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်ဖို့ ကျွန်မတို့ ဆန္ဒရှိနေပြီး တာဝန်ခံတဲ့ စုံစမ်းစစ်ဆေးမှုတွေ ကျွန်မတို့ ပြုလုပ်သွားပါမယ်။”ဟုလည်း ၎င်းက ပြောသည်။

ထိုပြင် တရုတ်နိုင်ငံသည် အမေရိကန်နှင့် အခြားသော နိုင်ငံများမှ သံတမန်ဝန်ထမ်းများ၏ လုံခြံုရေးကို ကာကွယ်ပေးသော သံတမန်ဆက်ဆံရေး ပဋိညာဉ်ကို အစဉ်လိုက်နာလျက်ရှိကြောင်းလည်း ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly