ဇွန် ရ၊ မန်ချက်စတာ။ ။ မန်ချက်စတာယူနိုက်တက်အသင်းအနေဖြင့် ဥရောပအကောင်းဆုံး လူငယ်နောက်ခံအစွန်လူဖြစ်သည့် ဒီယိုဂို ဒါလော့ကိုခေါ်ယူ ခဲ့ခြင်းဖြစ်သည်ဟု နည်းပြမော်ရင်ဟိုက ပြောသည်။
စီနီယာအသင်းနှင့် ရ ပွဲကစားထားသည့် အသက် ၁၉ နှစ်အရွယ်ကစားသမားသည် မန်ယူနိုက်တက်အသင်းက ပေါ်တိုအသင်းကို ပေါင် ၁၉ သန်းပေးရန် သဘောတူပြီးနောက် ငါးနှစ်စာချုပ်ကို လက်မှတ်ထိုးလိုက်ခြင်းဖြစ်သည်။
ဒါလော့သည် ပေါ်တူဂီ သက်တမ်းအလိုက် လူငယ်အသင်းများတွင် ယူ ၁၅ မှ ယူ ၂၁ ထိ အဆင့်ဆင့် ကိုယ်စားပြုကစားခဲ့ပြီး အောက်တိုဘာတွင် ပေါ်တိုအသင်းနှင့် စတင်ပွဲထွက်ခဲ့သည်။
“ကမ္ဘာ့အကြီးဆုံးအသင်းကြီးဆီကို ရောက်မယ့်အခွင့်အရေးက ကျွန်တော်မငြင်းဆန်နိုင်တဲ့အရာ ဖြစ်ပါတယ်”ဟု ဒါလော့က ပြောသည်။
ပေါ်တိုလူငယ်အသင်းမှပေါ်ထွက်လာသည့် ဒါလော့သည် မတ်လအတွင်း လီဗာပူးလ်နှင့် ဂိုးမရှိသရေကျသည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ပွဲစဉ်တွင် ပါဝင်ကစားခဲ့သည်။
၎င်းအနေဖြင့် ယူနိုက်တက်အသင်းခေါင်းဆောင် ဗလန်စီယာနှင့်ပြိုင်ဆိုင်စေရန် အစီအစဉ်ဖြင့်ခေါ်ယူခြင်းခံရသည် မျှော်လင့်ရသည်။
“သူ့တို့ အသက်အရွယ်တန်းမှာတော့ သူက ဥရောပအကောင်းဆုံး နောက်ခံအစွန်လူပါ။ အသင်းအတွက် ထူးချွန်တဲ့ ကစားသမား တစ်ယောက် အလျှင်အမြန်ဖြစ်လာဖို့ အရည်အချင်းအားလုံးနဲ့ပြည့်စုံတဲ့ ပါရမီရှင် လူငယ်နောက်ခံလူ တစ်ယောက်ဖြစ်ပါတယ်။
သူ့မှာ ကြံ့ခိုင်မှု၊ နည်းဗျူဟာကြွယ်ဝမှု၊ နည်းစနစ်ကျွမ်းကျင်ပိုင်နိုင်မှု၊ ပရော်ဖက်ရှင်နယ်အဆင့်မှာလိုအပ်တဲ့ ရင့်ကျင့်မှုအတွက် ပေါ်တိုအကယ်ဒမီရဲ့ စိတ်ပိုင်းဆိုင်ရာပြင်ဆင်သင်ကြားပေးလိုက်မှုတို့နဲ့ပေါင်းစပ်ပြီး နောက်ခံလူတစ်ယောက်မှာ ရှိရမယ့် ပင်ကိုယ်အရည်အချင်းအားလုံးနဲ့ ပြည့်စုံပါတယ်”ဟု မော်ရင်ဟိုက ဆိုသည်။
ဂျူဗင်တပ်နှင့်သတင်းထွက်နေသည့် ဒါမီယန်၊ နယ်သာလန်နောက်ခံလူ ဘလိုင်းစသည့် အစွန်နောက်ခံလူများမှာ ဒါလော့ ရောက်ရှိလာ၍ အသင်းပြောင်းရရန် နီးစပ်လျှက်ရှိသည်။ နှစ်ဦးစလုံးမှာ မော်ရင်ဟိုလက်အောက်တွက် ကာလရှည် အနာဂါတ် မရှိသူများဖြစ်သည်။
မော်ရင်ဟိုအနေဖြင့် ချန်ပီယံမန်စီးတီးအသင်းနှင့် လာမည့်ရာသီတွင် ပရီးမီးယားလိဂ်တိုက်ပွဲနွှဲရန် ခံစစ်ပိုင်းကို အင်အား တောင့်တင်းအောင် ပြင်ဆင်ရန် ဆုံးဖြတ်ထားသည်။
ယူနိုက်တက်အသင်းအနေဖြင့် ရှက်တာဒိုးနက်အသင်းမှ ဘရာဇီးကွင်းလယ်လူဖရက်ဒ်ကို ခန့်မှန်းတန်ဖိုး ပေါင် ၄၇ သန်းဖြင့် စာချုပ်ရန် သဘောတူညီမှုရခဲ့ပြီဟုလည်း အင်္ဂါနေ့က ကြေညာထားသည်။
Ref; BBC