ဂီတဖျော်ဖြေပွဲ၊ ဓာတ်ပုံပြပွဲများနှင့်အတူ Goethe စံအိမ်ကြီးကို ပြန်လည် ဖွင့်လှစ်

ဂီတဖျော်ဖြေပွဲ၊ ဓာတ်ပုံပြပွဲများနှင့်အတူ Goethe စံအိမ်ကြီးကို ပြန်လည် ဖွင့်လှစ်

ဇွန် ၆ ။             ။ ယဉ်ကျေးမှုအနုပညာ ပွဲလမ်းသဘင်များနှင့်အတူ Goethe စံအိမ် (ဗီလာ) ကြီးကို ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။ အဆိုပါ ကိုလိုနီခေတ်ဟောင်း အဆောက်အအုံကြီးကို ယခုအခါတွင် Goethe Institute အဖြစ် ပြောင်းလဲဖော်ဆောင်ထားပြီ ဖြစ်သည်။

ယခုနှစ် ဇွန်လတွင် ဖွင့်ပွဲ ကျင်းပမည့် ရန်ကုန်မြို့က Goethe စံအိမ်ကြီးသည် ကမ္ဘာတစ်ဝှမ်း အင်စတီကျူ့ပေါင်း (၁၆၀) ရှိသည့်အနက်၊ အလှပဆုံးသော Goethe အင်စတီကျူ့များထဲမှ တစ်ခု ဖြစ်လာခဲ့သည်။

အဆိုပါ စံအိမ်ကြီး၏ ဖွင့်ပွဲတွင် ဇွန်လ ၈ ရက်နေ့၌ တေးဂီတဖျော်ဖြေပွဲတစ်ရပ် ကျင်းပရန် ရှိသည်။ ယင်းနောက် "Dark Whispers-အမှောင်နောက်ကွယ်က တီးတိုးသံများ" ဟု အမည်ပေးထားသည့် Beatrice Minda ၏ ဓာတ်ပုံပြပွဲတစ်ခု၊ "Mya Ga Naing-မြဂနိုင်" ရုပ်ရှင်ဂီတဖျော်ဖြေပွဲနှင့် Berlin Club Night တစ်ခုတို့ကို ပြုလုပ်ဦးမည် ဖြစ်သည်။

အဆိုပါ အဆောက်အဦးကြီးတွင် ရှည်လျားသည့် သမိုင်းကြောင်းတစ်ခု ရှိနေသည်။ ယင်းကို ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးပါတီ၏ ရုံးခန်းအဖြစ်လည်း အသုံးပြုခဲ့သေးသည်။

ကမ္ဘာအေးဘုရားလမ်းအဆုံးရှိ ပန်းခြံငယ်လေး၏ အလယ်ဗဟိုတွင် တည်ရှိသော ကိုလိုနီခေတ် လူနေအဆောက်အဦးတစ်ခုသည်ကား ၁၉၂၀ ပြည့်လွန်နှစ်များအတွင်း ရန်ကုန်မြို့တွင် ပေါ်ပေါက်ခဲ့သော ပုဂ္ဂလိကစံအိမ်များအနက်မှ တစ်ခုဖြစ်သည်။ ပထမကမ္ဘာစစ်အပြီး နှစ်ကာလများသည် ရန်ကုန်မြို့အတွက်မှာမူ စီးပွားရေးအရ အောင်မြင်မှုအရှိခဲ့ဆုံးနှင့် ရွှေရောင်လွှမ်းခဲ့သော နေ့ရက်များ ဖြစ်ခဲ့သည်။ ထိုအချိန်က မြန်မာ့ရတနာများ ဖြစ်ကြသော ဆန်စပါး၊ ကျွန်းသစ်နှင့် အခြားသော အဖိုးတန်သစ်အမျိုးများကို ကမ္ဘာအနှံ့သို့ တင်ပို့ပေးခဲ့ရသည်ဖြစ်ရာ ထိုခေတ်က ရန်ကုန်မြို့သည် ဗြိတိသျှအင်ပါယာ၏ အရေးပါဆုံးသော ဆိပ်ကမ်းများထဲမှ တစ်ခုဖြစ်သည်။ ထိုသို့ အလျင်အမြန်တိုးတက်လာသော စီးပွားရေးတွင် ပါ၀င်လုပ်ကိုင်ကြသည့် ဥရောပတိုက်သားများ၊ တရုတ်လူမျိုးများနှင့် အိန္ဒိယနိုင်ငံသားများထဲမှ အချို့သည်လည်း ရန်ကုန်မြို့၏ စိမ်းလန်းသော၊ တောတောင်သဘာဝဖုံးလွှမ်းသော ဆင်ခြေဖုံးဒေသများတွင် အထက်ပါ စံအိမ်ကြီးကဲ့သို့သော ခမ်းနားထည်ဝါသည့် စံအိမ်ကြီးများကို တည်ဆောက်ခဲ့ကြသည်။ ကျွန်ုပ်တို့ စံအိမ် (ဗီလာ) ကို တည်ဆောက်ခဲ့သူမှာမူ ဥရောပသားတစ်ဦးဖြစ်ကြောင်း၊ စံအိမ်၏ ဆင်ဝင်အဝင်ဝရှိ အမှတ်တံဆိပ်အရ သိနိုင်သည်။ ၁၉၂၀  ပြည့်လွန်နှစ်အစောပိုင်းကာလများတွင် တရုတ်ကုန်သည် Chan Chaw Paing က စံအိမ်ကို ၀ယ်ယူခဲ့ပြီး တရုတ်ပုံစံ အလှအပလက်ရာများဖြင့် မွမ်းမံခဲ့ကာ၊ ထိုအလှအပလက်ရာများကို ပြန်လည်ပြုပြင်ပြီးသော စံအိမ် (ဗီလာ) တွင် ယနေ့တိုင် အရာမယွင်းဘဲ သပ်ရပ်လှပစွာ တွေ့ရှိနိုင်ဆဲပင် ဖြစ်သည်။

ဒုတိယကမ္ဘာစစ်နှင့်အတူ ရန်ကုန်မြို့အပါအဝင် ဗြိတိသျှတို့သိမ်းယူထားသည့် မြန်မာနိုင်ငံကို ဂျပန်များက ၀င်ရောက်တိုက်ခိုက်သည့်အတွက်ကြောင့် ကြီးမားသော အချိုးအကွေ့များ ဖြစ်ပေါ်လာခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် တပ်ဆုတ်သွားသော ဗြိတိသျှစစ်တပ်နှင့်အတူ နိုင်ငံခြားသားလူကုံထံများသည်လည်း တရုတ်နိုင်ငံနှင့်အိန္နိယနိုင်ငံသို့ ထွက်ပြေးသွားခဲ့ကြသည်။ ယင်းသို့ထွက်ပြေးခဲ့ကြရာတွင် စစ်ပြီးချိန်အထိ ဗလာနတ္ထိဖြစ်ကျန်ခဲ့သော စံအိမ်ကြီး၏ ပိုင်ရှင်လည်း အပါအဝင်ဖြစ်သည်။

၁၉၄၅  ခုနှစ်အစောပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းက စံအိမ်ကို ဖဆပလ (ဖက်ဆစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေး) အဖွဲ့ချုပ်ကြီး၏ ရုံးခန်းအဖြစ် ကြေညာခဲ့သည်။ ထိုအဖွဲ့ချုပ်ကြီးသည် တပ်မတော်နှင့် နိုင်ငံရေးပါတီအများအပြားတို့၏ အစုအပေါင်းကြီးဖြစ်သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လတွင် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံမခံရမီအချိန်ထိ ဤစံအိမ်ကြီးသည် အရေးပါသော ဆွေးနွေးပွဲများ၊ ကိုလိုနီအစိုးရထံအလုံးစုံသော လွတ်လပ်ရေးတောင်းဆိုသည့် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ရာ ကွန်ဖရင့်များ ကျင်းပခဲ့သော သမိုင်းဝင်နေရာတစ်ခု ဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက် အထူးသဖြင့် ဖဆပလအဖွဲ့ကြီး ပြိုကွဲခဲ့ချိန်တွင် အစိုးရသစ်သည်လည်း ယနေ့ဝန်ကြီးများရုံး (အတွင်းဝန်ရုံး) ဟု ခေါ်တွင်သော ရုံးနေရာသို့ ပြောင်းရွှေ့အခြေစိုက်ပြီးနောက်ပိုင်းတွင် စံအိမ်ကြီး၏ နိုင်ငံအရေးအရ ပေါ်လွင်ထင်ရှားမှုက ကျဆင်းသွားခဲ့သည်။ လွတ်လပ်ရေးမရခင် လပိုင်းအလိုတွင် ပထမဆုံးဝန်ကြီးချုပ်ဦးနုနှင့် ၎င်း၏ မိသားစုသည်လည်း စံအိမ်၏ နောက်ဘက်ခြမ်းတွင်နေထိုင်ခဲ့သေးသည်။

ဗိုလ်ချုပ်နေဝင်း စစ်အာဏာသိမ်းပြီးစနှစ်များတွင် စံအိမ်၌ အနုပညာအထက်တန်းကျောင်း ဖွင့်လှစ်ခဲ့ခြင်းကြောင့် စံအိမ်၏ အခန်းကဏ္ဍသစ်တစ်ခု ပြန်စတင်လာခဲ့သည်။ ၁၉၆၇  ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ စံအိမ်ကြီးရှိအခန်းကျယ်များအတွင်း အနုပညာသင်ခန်းစာများ သင်ကြားပို့ချခဲ့ကြသည်။ ထိုကျောင်းတွင် ကာလရှည်ကြာ (၁၉၈၃ ခုနှစ်မှ ၁၉၉၆ ခုနှစ်ထိ) ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူမှာ ဂျာမနီနိုင်ငံ Dresden မြို့တွင် ပညာသင်ကြားခဲ့သော ပန်းပုဆရာ ဦးစိုးတင့်ဖြစ်သည်။ ဤစံအိမ်တွင် ယနေ့လူသိများထင်ရှားသော အနုပညာရှင်အများစုက ၄င်းတို့၏ အနုပညာရှင်ဘဝကို စတင်ခဲ့ကြသည်။ ယခင်က အနုပညာကျောင်းသားများ နေထိုင်ပြီး ပညာဆည်းပူးနိုင်ရန်ရည်ရွယ်ချက်ဖြင့် တည်ဆောက်ခဲ့သော အဆောင်ခန်းငယ်များတွင်၊ ကျောင်းသားအများစုသည် ကျောင်းတက်ပညာသင်နေစဉ်အတောအတွင်း နေထိုင်ခဲ့ကြပြီး ယနေ့အချိန်တွင်မူ ထိုနေရာတွင် စာကြည့်တိုက်ကြီးနှင့် ပြပွဲခန်းမကျယ်အဖြစ်တွေ့မြင်ရမည်ဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် အနုပညာအထက်တန်းကျောင်းကို ချင်းချောင်းနန်းတော်နှင့် တောင်ဒဂုံမြို့နယ်ရှိ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်တို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ရာ ဤစံအိမ်ကို အနုပညာရှင်အသင်းအဖွဲ့များ၏ ပြပွဲများ ပြသရာနေရာအဖြစ်အသုံးပြုခဲ့သည်။

သမ္မတဦးသိန်းစိန် လက်ထက်နိုင်ငံရေးအရ ပွင့်လင်းလာခြင်းနှင့်အတူ မြန်မာနိုင်ငံတွင် GoetheInstitut ကို ပြန်လည်ဖွင့်လှစ်ရန် ရည်မှန်းချက်ကို အကောင်အထည်ဖော်ခွင့်ရလာခဲ့သည်။ မနီလာမြို့၊ ဂျကာတာမြို့နှင့်ဘန်ကောက်မြို့ရှိအင်စတီကျုများထက်စောပြီး ၁၉၅၉  ခုနှစ်တွင် ရန်ကုန်မြို့၌ အရှေ့တောင်အာရှ၏ ဂျာမန်ယဉ်ကျေးမှုဗဟိုဌာနအဖြစ်ဖွင့်လှစ်ခဲ့သော်လည်း ဗိုလ်ချုပ်နေဝင်း စစ်အာဏာသိမ်းပြီး လအနည်းငယ်အကြာ ၁၉၆၂  ခုနှစ်ဆောင်းဦးကာလတွင် ပိတ်သိမ်းခဲ့ရသည်။ ၂၀၁၂ ခုနှစ်တွင် မြန်မာနှင့်ဂျာမနီ နှစ်နိုင်ငံအကြား ယဉ်ကျေးမှုဆိုင်ရာ သဘောတူညီချက်နှင့် ပတ်သက်ပြီး ဆွေးနွေးခွင့်များ ရှိလာခဲ့သည်။ ပြန်လည်ပြင်ဆင်ရန်လိုအပ်နေသည့် ဤစံအိမ်ကို Goethe-Institut ၏ ရန်ကုန်မြို့အခြေစိုက်နေရာအဖြစ် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ လက်ထက်တွင် ကမ်းလှမ်းခဲ့သည်။

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ဂျာမနီနိုင်ငံ၏ သမ္မတ Joachim Gauck က အဆောက်အဦးဖွင့်လှစ်ပေးခြင်းအခမ်းအနားကို စံအိမ်၏ အရှေ့ဘက်မြက်ခင်းပြင်တွင် ကျင်းပခဲ့သည်။ ဖွင့်ပွဲပြီးနောက် ကာလကြာရှည်ငှားရမ်းခွင့်ရရှိရန်ဆွေးနွေးမှုများ၊ ရန်ကုန်မြို့၏ မြင်ကွင်းအတွင်း Goethe စံအိမ် (ဗီလာ) ဟူသော အမည်ကို ဖြစ်ပေါ်လာစေခဲ့သည့် ကနဦးအနုပညာပြပွဲများ၊ ဂီတဖျော်ဖြေပွဲများ၊ သမိုင်းဝင်စံအိမ်ကို ပြုပြင်ခြင်းနှင့် ဘေးပတ်ပတ်လည်တွင် အဆောက်အဦးသစ်သုံးလုံး ဆောက်လုပ်ရန်အလို့ငှာ ယူရိုငွေသန်းနှင့်ချီမြှုုပ်နှံရန် ဘာလင်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဆုံးဖြတ်ချက်ချခြင်း၊ ဘာလင်မြို့အခြေစိုက် Gerhartz ဗိသုကာလုပ်ငန်း၏ ကနဦးအစီအစဉ်ရေးဆွဲခြင်းများက ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာခဲ့သည်။ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်မြို့အခြေစိုက် Tokyo Enterprise ကုမ္ပဏီက ဆောက်လုပ်ရေးလုပ်ငန်းများ စတင်ခဲ့ကာ ၂၀၁၈  ခုနှစ် မေလတွင် အပြီးသတ်ခဲ့သည်။ အပြီးသတ်ရလဒ်အနေဖြင့် ကမ္ဘာတစ်ဝှမ်း အင်စတီကျူ့ပေါင်း (၁၆၀) ရှိသည့်အနက်၊ အလှပဆုံးသော Goethe အင်စတီကျူ့များထဲမှတစ်ခု ဖြစ်လာခဲ့သည်။

ကျွန်ုပ်တို့၏ ဘာသာစကားသင်တန်းများနှင့် စာကြည့်တိုက်အသစ်တွင် လာရောက်ပညာသင်ကြားပြီး ဂျာမနီနိုင်ငံတွင်စာပေလေ့လာရန် ကြိုတင်ပြင်ဆင်လိုသော ကျောင်းသားများအတွက်မူ Goethe စံအိမ် (ဗီလာ) သည် ပညာရေးရပ်ဝန်းတစ်ခုဖြစ်ပြီး  အခြားတစ်ဘက်တွင်လည်း မြန်မာ၊ ဂျာမနီနှင့်ဥရောပနိုင်ငံများမှ အနုပညာရှင်များအကြား တီထွင်ဖန်တီး သစ်ဆန်းသော ဖလှယ်မှုများ၊ ယဉ်ကျေးမှုများကို တွေ့ဆုံကြံုတွေ့နိုင်သော နေရာတစ်ခုအဖြစ် စံအိမ်ဟောင်းကြီးအတွက်အသစ်တဖန်ပြန်လည်နိုးထခြင်းအဓိပ္ပါယ်များ ပြည့်နှက်နေတော့မည်ဖြစ်သည်။

Mizzima Weekly