အင်းတော်ကြီးဒေသတွင် လူမှုအကျိုးပြု ဧည့်ရိပ်သာ တည်ထောင်ရန် အမေရိကန်ဒေါ်လာ ခုနစ်သောင်း ရန်ပုံငွေ ရှာမည်ဟုဆို

အင်းတော်ကြီးဒေသတွင် လူမှုအကျိုးပြု ဧည့်ရိပ်သာ တည်ထောင်ရန် အမေရိကန်ဒေါ်လာ ခုနစ်သောင်း ရန်ပုံငွေ ရှာမည်ဟုဆို

 

ဇွန် ၆။            ။ ကချင်ပြည်နယ် အင်းတော်ကြီးဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူမှုအကျိုးပြု ဧည့်ရိပ်သာ တည်ထောင်နိုင်ရန် အမေရိကန်ဒေါ်လာ ခုနစ်သောင်းကို အများပြည်သူပါ၀င်နိုင်သည့် အွန်လိုင်းရန်ပုံငွေပွဲမှ တစ်ဆင့်ကောက်ခံသွားမည်ဖြစ်ကြောင်း အင်းတော်ကြီးမျက်နှာလူမှုအဖွဲ့အစည်းမှ သတင်းထုတ်ပြန်သည်။

အွန်လိုင်းရန်ပုံငွေ ကောက်ခံမှုမှ ရရှိလာသောငွေကြေးများကို ရေရှည်ခရီးသွားလုပ်ငန်း စီမံကိန်းများ လုပ်ဆောင်သွားမည်ဖြစ်ပြီး အကျိုးအမြတ်အားလုံးကို အင်းတော်ကြီးဒေသတွင်းရှိ လိုအပ်ချက်များ ဖြည့်ဆည်းရန်၊ ယင်းဒေသ၏ သဘာဝအလှများ ထိန်းသိမ်းရန်နှင့် အင်တော်ကြီးကန်အနီးရှိ နယ်မြေ များ မပျက်ယွင်းဘဲမူလအတိုင်း တိရစ္ဆာန်များကျက်စားနိုင်သည့် သဘာဝနယ်မြေအဖြစ် ထိန်းသိမ်းရန် ရည်ရွယ်ကြောင်းသိရသည်။

ရရှိလာသော ရန်ပုံငွေများကို ဧည့်ရိပ်သာတည်ဆောက်ရန် ၆၆ရာခိုင်နှုန်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး ၂၀ ရာခိုင်နှုန်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးသင်တန်းကျောင်း ၈ရာခိုင်နှုန်း၊ ဒေသတွင်းလိုအပ်သော သုတေသနလုပ်ငန်းများအတွက် ၈ရာခိုင်နှုန်း စသဖြင့် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ အင်းတော်ကြီးမျက်နှာ အဖွဲ့အစည်းရဲ့ အကျိုးအမြတ်အားလုံးကို အင်းတော်ကြီးဒေသရဲ့ အကျိုးစီးပွားတိုးတက်ရေးအတွက် အသုံးချသွားမှာဖြစ်ပါတယ်။ လူမှုအကျိုးပြုဧည့်ရိပ်သာက စတင်ပြီး ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်အားလုံးကို ရေရှည်တည်တံ့ဖို့ ဖန်တီးသွားမှာပါ” ဟု အင်းတော်ကြီးမျက်နှာ မှ မန်းနေဂျင်းဒါရိုက်တာ Stephen Traina-Dorge ကပြောသည်။

ဆက်လက်ပြီး “အခုရန်ပုံငွေအစီအစဉ်ကနေ ကျွန်တော်တို့မျော်မှန်းထားတဲ့ ဒေါ်လာခုနစ်သောင်း ရမယ် ဆိုရင် ဒီအဖွဲ့အစည်းမှာ ရင်းနှီးမြုပ်နှံသူရှာဖွေဖို့ မလိုအပ်တော့တာကြောင့် စီစဉ်ထားတဲ့လုပ်ငန်းတွေကို လျှင်မြန်စွာနဲ့ အကောင်အထည်ဖော်နိုင်ပြီး အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေကို အချိန်တို အ တွင်း ယူဆောင်လာနိုင်မှာဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

အရှေ့တောင်အာရှတွင် အကြီးဆုံးဖြစ်သော အင်းတော်ကြီးကန်သည် ရှားပါးသစ်ပင်များနှင့် တိရစ္ဆာန် များကျင်လည်ကျက်စားရာ သဘာဝနယ်မြေ UNESCO Biosphere Reserve အဖြစ် အသိအမှတ်ပြုခြင်းခံထားရပြီး လွန်ခဲ့သော ၆နှစ်အတွင်း အင်းတော်ကြီးကန်သို့ နှစ်စဉ်လာ ရောက် လည်ပတ်သူ နိုင်ငံတကာခရီးသွား အရေအတွက် ၁၇ယောက်မှ ၆၀၀ကျော်အထိ တိုးတက်လာသော် လည်း အခြားဒေသများနှင့် နှိုင်းယှဉ်လျှင် ဖွံ့ဖြိုးတိုးတက်မှုနှုန်း နှေးကွေးနေသေးကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

“အင်းလေးကန်အပါအဝင် အခြားဖွံ့ဖြိုးတိုးတက်ပြီးဒေသတွေကို သင်ခန်းစာယူပြီး အင်းတော်ကြီးကန် နဲ့အတူ ဒီဒေသရဲ့ သဘာဝပတ်ဝန်းကျင်ကို မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်မယ်လို့ မျော်လင့်ပါ တယ် အခုဆိုရင် ကမ္ဘာတစ်ဝှမ်းက အသိမှတ်ပြုမှုရနေပြီဖြစ်တဲ့ အင်းတော်ကြီးဒေသကို ဒေသတွင်း ပြည်သူအနေနဲ့ ချစ်တဲ့စိတ်နဲ့ သတိပြုထိန်းသိမ်းဖို့လိုအပ်ပါပြီ” ဟု အင်တော်ကြီးဒေသခံ Project Coordinator နှင့် ဒေသတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းမှု ကျွမ်းကျင်သူအဖြစ် အင်တော်ကြီးမျက်နှာ အဖွဲ့အစည်းတွင် တာဝန်ယူထားသူ ကိုထွန်းထွန်းဦးကပြောသည်။

အင်းတော်ကြီးမျက်နှာအဖွဲ့အစည်းသည် လက်ရှိ လူမှုအဖွဲ့အစည်းများနှင့် လက်တွဲလုပ်ကိုင်နေပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စတင်လုပ်ဆောင်လျက်ရှိသည်။ ဧည့်ရိပ်သာ၊ ဟိုတယ်နှင့် ခရီးသွားလာရေး သင်တန်းကျောင်းများ တည်ဆောက်ကာ ဒေသတွင်းခရီးသွားစီးပွားရေးလုပ်ငန်းကို မြင့်တင်ပေးပြီး ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းရရှိရန်၊ အင်းတော်ကြီးကန်နှင့် ၎င်းပတ်ဝန်း ကျင်ဒေသများ သဘာဝပတ်ဝန်းကျင် သန့်ရှင်းမှုကို ထိန်းသိမ်းရန် ဆောင်ရွက်နေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly