အရှိန်ရလာသည့် ဝိုင်စပျစ်စိုက်ပျိုးထုတ်လုပ်မှု

အရှိန်ရလာသည့် ဝိုင်စပျစ်စိုက်ပျိုးထုတ်လုပ်မှု
ရမည်းသင်းမြို့နယ်တွင် လုပ်ငန်းခွင်ဝင်နေသောစပျစ်တောင်သူတစ်ဦးကိုမေလဆန်းပိုင်းကတွေ့ရစဉ်။  စိုက်စရိတ် သက်သာ၊ ဝယ်သူက ခြံအထိလာခြင်းတို့မှာဝိုင်စပျစ်စိုက်ပျိုးရခြင်း၏ အားသာချက်ဖြစ်သည်။

 

ရမည်းသင်းဒေသသည် စပျစ်သီးကုန်ကြမ်းလိုအပ်သည့် ဝိုင်အရက်စက်ရုံတို့ အားကိုးသည့်နေရာ ဖြစ်လာသည်

ရမည်းသင်း  —ကပ်ကြေးကိုင်ခြံလုပ်သားတို့က စပျစ်ကိုအခိုင်လိုက် ညှပ်ကာ ခြင်းထဲထည့်နေကြသည်။ ကား၊ မော်တော်ဆိုင်ကယ်များကလည်း စပျစ်သေတ္တာအပြည့်တင်ဆောင်ကာ စိုက်ခင်းဘေးမှ မောင်းထွက်သွားကြသည်။

မန္တလေးတိုင််းဒေသကြီး၊ ရမည်းသင်းမြို့နယ်််ရှိ ဤခြံများမှ စပျစ်နှစ်မျိုးထွက်ရှိရာ အသီးစားစပျစ်သည် ပွဲရုံလက်ကားဒိုင်တို့မှတစ်ဆင့် အနယ်နယ်အရပ်ရပ်ရှိ သစ်သီးဝလံရောင်းသည့် ဆိုင်များသို့ သွားမည်ဖြစ်သည်။ ကျန်စပျစ်တို့က ဝိုင်အရက်ချက်လုပ်သည့် စက်ရုံများသို့ သွားမည်ဖြစ်သည်။

အလယ်ကုန်းကျေးရွာမှ တောင်သူဦးစန်းအောင်က ဝိုင်စပျစ် စိုက်ပျိုးခြင်းသည်  ကုမ္ပဏီကားက စိုက်ခင်းအထိ လာရောက်သယ်ယူသဖြင့် သယ်ယူပို့ဆောင်စားရိတ် နှင့် လုပ်အားခသက်သာခြင်းစသည့် အားသာချက်များ ရှိနေသည်ဟု ပြောသည်။

“အဆင်ပြေသွားရင် ဝိုင်ပဲထပ်စိုက်သွားမယ်။ ပထမသီးနှံစိုက်လို့ အဆင်ပြေရင် နောက်သီးနှံစိုက်ဖို့ မခဲယဉ်းတော့ဘူးလေ။ အဲဒီလိုအဆင်ပြေရင်တော့ တခြားသီးနှံဘယ်လုပ်တော့မတုန်း” ဟုဦးစန်းအောင်ကအားတက်သရောပြောပြသည်။

ယမကာစက်ရုံတို့ကဝယ်လိုအားကောင်းလာသဖြင့် ဝိုင်စပျစ်ကို ယခင်ကထက် ပိုမိုစိုက်ပျိုးလာကြသည်ဟု  ရမည်းသင်းစပျစ်တောင်သူတို့က ပြောကြသည်။

စိုက်ခင်းမှ ဝိုင်စက်ရုံသို့

ပင်မတိုင်တို့ကို အင်္ဂလိပ်အက္ခရာ Y ပုံစံထောင်ပြီး ထိုတိုင်များကြားတွင် စပျစ်ကိုအတန်းလိုက် စိုက်ထားကြသည်။ ဤသို့ စိုက်ခြင်းဖြင့်  ဝိုင်ထုတ်လုပ်ရေးအတွက် သင့်တော်သည့် အရည်အသွေးရရှိရန် အထောက်အကူဖြစ်စေသည်။

မြန်မာနိုင်ငံအနှံ့ ယမကာမှီဝဲသူအများအပြားမှာ ဘီယာ နှင့် အရက်ပြင်းများကို ရွေးချယ်ကြသည်။ သို့သော်လည်း ဝိုင်သောက်သုံးသူအရေအတွက် တိုးပွားလာမည်ဟု ထုတ်လုပ်သူတချို့က မျှော်လင့်ထားသည်။

မြို့ကြီးတချို့ရှိ ကုန်တိုက်များတွင် ပြည်တွင်းဖြစ် ဝိုင်ပုလင်းမျိုးစုံခင်းကျင်းထားသည်ကို တွေ့နိုင်သည်။

ရမည်းသင်းမြို့နယ်တွင် စပျစ်ခြံမှ ထွက်ကုန်ကိုကားဂိတ်သို့ ပို့ဆောင်မည့်သူတစ်ဦးကို မေလဆန်းပိုင်းက တွေ့ရစဉ်။

နိုင်ငံတကာခရီးသွားတို့လည်း အဆက်မပြတ်ဝင်ရောက်နေရာ ၎င်းတို့ထဲတွင်လည်း ဒေသထွက်ဝိုင်အရက်ကို မြည်းစမ်းလိုသူ အများအပြား ပါဝင်သည်။

၂ဝဝဝ ပြည့်နှစ်ဝန်းကျင်တွင် Myanmar Vineyard ကုမ္ပဏီသည် ဝိုင်စပျစ်စိုက်ပျိုးထုတ်လုပ်မှုကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် စတင်ခဲ့ပြီး ၆ နှစ် အကြာတွင် စျေးကွက်အတွင်းသို့ ၎င်းတို့၏ ဝိုင်ပုလင်းများ ရောက်ရှိသွားသည်။

၂ဝဝ၉ ခုနှစ်တွင် ထိုစက်ရုံမှဝိုင် ပြည်ပတင်ပို့နိုင်ခဲ့သည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြီးခဲ့သည့်နှစ် တွင် ထုတ်ဝေသည့် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းလေ့လာမှု အစီရင်ခံစာက ဆိုသည်။

ကုမ္ပဏီက အနောက်တိုင်းမှ စပျစ်မျိုးကွဲပေါင်း ၁၄ မျိုးခန့် စမ်းသပ်စိုက်ပျိုးပြီး မြန်မာနို်င်ငံနှင့် ကိုက်ညီမည့် အမျိုးအစားတို့ကို တွင်တွင်ကျယ်ကျယ် စိုက်ပျိုးနေသည်။

ဝိုင်ရောင်းအား ပိုမိုမြင့်မားလာသည့်အတွက် လိုအပ်သည့် ဝိုင်စပျစ် ပိုမိုထုတ်လုပ်နိုင်ရန် ရမည်းသင်း၊ မိတ္ထီလာ၊ မန္တလေး၊ဟိုပုံးမြို့နယ််တို့မှ စပျစ်စိုက်တောင်သူများနှင့် လက်တွဲလုပ်ဆောင်လာသည်။

ရမည်းသင်းတွင် တောင်သူ ၁၇ ဦးနှင့် ချိတ်ဆက်ကာဧက ၂ဝ ခန့် လုပ်ဆောင်နေပြီးအဆိုပါတောင်သူတို့နှင့် ထပ်ဆင့် ချိတ်ဆက်လုပ်ကိုင်နေသည့် ဆင့်ပွားတောင်သူများလည်း ရှိနေသည်။ ဒေသခံတို့၏အဆိုအရ စပျစ်စိုက်တောင်သူ ၃ဝကျော် ရှိလာပြီး ပူးပေါင်းလိုသည့် တောင်သူအရေအတွက်လည်း အများအပြားရှိနေသည်ဟု ကုမ္ပဏီ၏ Deputy Product Director ကိုမင်းဇော်သန့်က ပြောသည်။

“နောက်နှစ်အနည်းငယ် အထိတော့ အသစ်စိုက်ပျိုးချင်တဲ့ တောင်သူတွေကို ဆွဲခေါ်နိုင်တယ်။ နောက်ပိုင်းနှစ်တွေကျရင်တော့   လက်တွဲလုပ်လက်စ တောင်သူတွေနဲ့ပဲ ဆက်လက်လုပ်ဆောင်သွားမယ်” ဟု ကိုမင်းဇော်သန့်က ပြောသည်။

ရမည်းသင်းမှ တောင်သူတစ်ဦးဖြစ်သည့် ဦးညိုကြီးကုမ္ပဏီနှင့် ပူးပေါင်းလုပ်ကိုင်နေသည်မှာ ၈နှစ်ကြာပြီ။  သူက ဝိုင်စပျစ်စိုက်လိုသည့် တောင်သူတချို့ကိုလည်း ကုမ္ပဏီနှင့်ဆက်သွယ််ပေးသည်။ ၄ ဧကခွဲခန့်ရှိသော သူ၏စပျစ်ခင်းမှ ထွက်ကုန် သုံးပုံတစ်ပုံသည် အရက်ချက်စက်ရုံသို့ သွားလျက်ရှိသည်။ သူကလည်း ဝိုင်စပျစ်ပိုစိုက်ရန် ကြိုးစားနေသည်။

စျေးနှုန်းနှင့် စျေးကွက်တည်ငြိမ်သည့် ဝိုင်စပျစ်ကို နှစ်သက်လာကြသည်ဟု ၎င်းကပြောသည်။

“ဝိုင်စိုက်ချင်လို့ မေးလာတဲ့သူ၊ ဝိုင်စိုက်မယ်ဆိုတဲ့ သူတွေက အရေအတွက် များလာတယ်”ဟု ဦးညိုကြီးက ပြောသည်။

ရမည်းသင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏မှတ်တမ်းအရ ပြီးခဲ့သည့်နှစ်က မြို့နယ်အတွင်း စပျစ်စိုက်ခင်း ၃,ဝ၈၃ဧကရှိသည်ဟု သိရသည်။ စပျစ်တောင်သူတချို့ကမူ ကိန်းဂဏန်းအမှန်မှာ ထိုအရေအတွက် ထက်နှစ်ဆကျော်ရှိမည်ဟု ခန့်မှန်းနေသည်။

စပျစ်တစ်ပိဿာစျေးနှုန်းမှာ ၂,ဝဝဝ မှ ၃,ဝဝဝ ကြားရှိတတ်သည်။ သီးစားစပျစ်တစ်ပိသာ ၈ဝဝဝန်းကျင်အထိစျေးကျတတ်သော်လည်းဝိုင်စပျစ်မှာမူစျေးအတက်အကျ မကြမ်းဟုသိရသည်။

ရမည်းသင်းမြို့နယ်တွင် လုပ်ငန်းခွင်ဝင်နေသော စပျစ်တောင်သူတစ်ဦးကို မေလဆန်းပိုင်းက တွေ့ရစဉ်။   စပျစ်ကိုမြို့အများအပြားတွင် စိုက်ပျိုးကြသော်လည်း ပြည်တွင်းစျေးကွက်ကို လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်စွမ်း မရှိသေးပေ။ ပြည်တွင်းလိုအပ်ချက်အတွက် ပြည်ပမှ ဝယ်ယူတင်သွင်းနေကြသည်။

ပဲတောင်သူဦးတင်ဦးသည်   စပျစ်ကို ပူးတွဲစိုက်လာသည်မှာ အနှစ် ၃ဝ ကြာပြီဖြစ်သည်။ စပျစ်နှစ်မျိုးလုံးကို သူ့ခြံတွင် တွေ့နိုင်သည်။ စိုက်စရိတ်၊ လုပ်အားခတို့ သက်သာစေသည့်  ဝိုင်စပျစ်ကို ပိုမိုစိုက်ပျိုးရန် အားသန်သည်ဟု ပြောသည်။

စျေးကွက်

ဝိုင်စပျစ်စိုက်ပျိုးခြင်းက တောင်သူတို့အတွက် ကြီးမားသည့် အခက်အခဲမရှိသော်လည်း ကုမ္ပဏီ၏ ဝယ်လိုအားက အကန့်အသတ် ရှိနေသည်။ 

ထွက်ကုန်ရောင်းချရန်အတွက် ကုမ္ပဏီတစ်ခုတည်းအပေါ် မှီခိုနေရခြင်းက တောင်သူဘက်က အားနည်းချက် ဖြစ်လာသည်။

ဖောက်သည်ကုမ္ပဏီ ဝယ်ယူမှုလျှော့ချမည်ကိုလည်း တောင်သူတချို့က စိုးရိမ်နေသည်။

စားစပျစ်ကို တစ်နှစ်လျှင် နှစ်သီးစိုက်ပျိုးကြသော်လည်း ဝိုင်စပျစ်ကိုတစ်သီးသာ စိုက်နိုင်သည်။ ဤအချက်ကြောင့် ဝိုင်စပျစ်စတင် ကိုင်တွယ်သည့် တောင်သူများစိုက်စရိတ် အခက်အခဲရှိသည်။

အားနည်းချက်တချို့ ရှိနေသည့်အချိန်တွင် သတင်းကောင်းတို့လည်း ရှိလာသည်။ ပြင်ဦးလွင်နှင့် အခြားသောဒေသတို့မှ ဝိုင်လုပ်ငန်းရှင်ငယ်များလည်း လာရောက်ဝယ်ယူနေသည်။ နေပြည်တော်တွင် စမ်းသပ်လည်ပတ်နေသည်ဆိုသော ဝိုင်စက်ရုံတစ်ခုက တောင်သူတို့နှင့် ပူးပေါင်းလုပ်ကိုင်ရန် ကမ်းလှမ်းထားသည်၊ ဝိုင်စက်ရုံသစ်တချို့ ပေါ်ပေါက်လာတော့မည်ဟူသော သတင်းတို့ကလည်း ဒေသခံတောင်သူများထံ ရောက်နေသည်။

စားစပျစ်သည် အလုံးလှ၊ အလုံးကြီးမှ  စျေးကွက်မျက်နှာပန်းလှမည် ဖြစ်သောကြောင့် တောင်သူက ပုံမှန် ပြုပြင်ထိန်းသိမ်းနေရသည်။

စက်ရုံရောက်လျှင် ကြိတ်ခြေမည့် ဝိုင်စပျစ်ကိုမူ ထိုသို့ ထိန်းသိမ်းရန် မလိုအပ်ခြင်းမှာလည်း ကုန်ကျစရိတ် ပိုမိုနည်းပါးရသည့် အကြောင်းရင်းတစ်ခုဖြစ်သည်။

ဝိုင်စက်ရုံတချို့က လိုအပ်သည့် စပျစ်အရည်အသွေးရရှိရန် တောင်သူတို့ထံ ပျိုးပင် အခမဲ့ ဖြန့်ဝေနေသည်။

ကုမ္ပဏီသည် ဝိုင်စပျစ်စတင်စိုုက်ပျိုးလိုသူကို ထွက်ရှိမည့် သီးနှံတန်ဖိုး၏ ၃ဝ ရာခိုင်နှုန်းအ တိုးမဲ့ထုတ်ချေးပေးနေသည်ဟု သိရသည်။

ဝိုင်ရောင်းအား မြင့်မားလာသည့်အတွက် လက်တွဲလုပ်ဆောင်နေသည့် တောင်သူအရေအတွက်ကို တိုးချဲ့နေသည်ဟုMyanmar Vineyard မှ ကိုမင်းဇော်သန့်က ပြောသည်။

ဝိုင်နီ၊ ဝိုင်ဖြူ၊ ရှန်ပိန် အမျိုးအစား စပါကလင်ဝိုင်တို့ကို ပုလင်းပေါင်း ၃၅ဝ,ဝဝဝ ခန့်အထိ ကုမ္ပဏီက နှစ်စဉ် ထုတ်လုပ်နေသည်။ လာမည့်နှစ်တွင် ၄ဝဝ,ဝဝဝ ခန့်အထိ ထုတ်နိုင်ရန်လျာထားပြီး အရေအတွက်သည် နှစ်အနည်းငယ်အတွင်း ၆ဝဝ,ဝဝဝ ခန့်အထိ ရောက်သွားမည်ဟု ကုမ္ပဏီက ခန့်မှန်းသည်။

မြန်မာနိုင်ငံ၏ ဝိုင်သောက်သုံးမှုမှာ နိုင်ငံလူဦးရေနှင့်အချိုးချလျှင် ဒဿမဝဝဝ၅ ရာခိုင်နှုန်းသာ ရှိသေးကြောင်း ကုမ္ပဏီ၏ စစ်တမ်းအရ သိရသည်။

သို့သော်လည်း ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်း ဝိုင်ရောင်းချရမှုကလည်း နှစ်စဉ် ၁ဝ ရာခိုင်နှုန်းခန့် ပုံမှန်တိုးတက်လာသည်ဟု ဆိုသည်။

“ဝိုင်ဆိုတာကလည်း သောက်နေကြမှာပဲလေ၊ ဝိုင်ဆိုတဲ့ယဉ်ကျေးမှုကလည်း ဘယ်တော့မှ လျော့ပါးသွားမယ်လို့ မထင်ဘူး၊ တိုးလာမှာပဲ” ဟု ကိုမင်းဇော်သန့်က မှတ်ချက်ချသည်။

ရေမြင့်လျှင် ကြာတင့်သည်ဟူသော မြန်မာစကားပုံအတိုင်း ပြည်တွင်းဖြစ် ဝိုင်သောက်သုံးမှု ပိုမိုများပြားလာပါက တောင်သူတို့ စပျစ်စိုက်ပျိုးမှု၊ လုပ်ငန်းရှင်တို့၏ ဝိုင်ထုတ်လုပ်မှု အရှိန်အဟုန်တို့သည်လည်း လိုက်ပါ မြင့်မားလာမည်ဟု ဝိုင်ထုတ်လုပ်ရေးကုမ္ပဏီက မျှော်လင့်နေသည်။     ။

 

Mizzima Weekly