ခရိုနီအရှုပ်တော်ပုံကြောင့် ဂျပန်ဘဏ္ဍာရေးဝန်ကြီး ၎င်း၏ တစ်နှစ်စာ လစာငွေကို ပြန်အပ်မည်

ခရိုနီအရှုပ်တော်ပုံကြောင့် ဂျပန်ဘဏ္ဍာရေးဝန်ကြီး ၎င်း၏ တစ်နှစ်စာ လစာငွေကို ပြန်အပ်မည်

ဇွန် ၅ ။              ။ နိုင်ငံတွင် ပေါ်ပေါက်ခဲ့သော ခရိုနီဝါဒ အရှုပ်တော်ပုံတစ်ခုနှင့် ဆက်နွယ်သည့် တရားဝင်စာရွက်စာတမ်းများကို အပြောင်းအလဲ ပြုလုပ်ထားခဲ့မှုအပေါ် တာဝန်ခံသည့်အနေဖြင့် ဂျပန်ဘဏ္ဍာရေးဝန်ကြီးက ၎င်း၏ တစ်နှစ်စာ လစာငွေအားလုံးကို မယူတော့ဘဲ အစိုးရထံ ပြန်အပ်မည်ဖြစ်ကြောင်း ကြေညာသွားခဲ့သည်။

၀န်ကြီးချုပ် ရှင်ဇိုအာဘေး ပါ၀င်ပတ်သက်နေခဲ့သော ယင်း ခရိုနီ အရှုပ်တော်ပုံကိစ္စနှင့် ပတ်သက်သည့် တရားဝင် စာတမ်းစာတမ်းများကို ၎င်း၏ ၀န်ကြီးဌာနဘက်က အကြံအဖန်လုပ်ပေးထားခဲ့ကြောင်း ဂျပန်ဘဏ္ဍာရေးဝန်ကြီး တာရို အာဆိုက ထုတ်ဖော်ဝန်ခံထားခဲ့သည်။

ယခုအခါ ယင်းကိစ္စနှင့်စပ်လျင်း၍ တာဝန်ခံသည့်အနေဖြင့် ၎င်း၏တစ်နှစ်တာ လစာငွေများကို ယူတော့မည်မဟုတ်ကြောင်း အာဆိုက ထုတ်ဖော်ပြောကြားသွားသည်။

အထက်ပါ အရှုပ်တော်ပုံအဖြစ်အပျက်က ၎င်းဦးဆောင်နေသည့် ဘဏ္ဍာရေးဝန်ကြီးဌာနအပါအဝင် အစိုးရတစ်ရပ်လုံးအပေါ် ထိခိုက်စေခဲ့သည့်အတွက် ယခုကဲ့သို့ လစာဖြတ်တောက်မှုကို ခံယူသွားခြင်း ဖြစ်ကြောင်း အသက် ရ၇ နှစ်အရွယ် ဘဏ္ဍာရေးဝန်ကြီး အာဆိုက ပြောသည်။ ၎င်းသည် နိုင်ငံ၏ ဒုတိယဝန်ကြီးချုပ် တာဝန်ကိုလည်း ယူထားသူ ဖြစ်ပြီး ၀န်ကြီးချုပ် အာဘေးအစိုးရအဖွဲ့တွင် စီနီယာအကျဆုံး ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်သည်။

ယခုအရှုပ်တော်ပုံကိစ္စကြောင့် ရာထူးမှ နုတ်ထွက်ရန် အစီအစဉ် မရှိကြောင်း၊ ယခုကဲ့သို့ ပြဿနာမျိုး နောက်ထပ်ဖြစ်မလာစေရန်သာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အာဆိုက ပြောသည်။

ယင်းအရှုပ်တော်ပုံတွင် ၀န်ကြီးချုပ် အာဘေးမိသားစုနှင့် ရင်းနှီးမှု ရှိသူ တစ်ဦးထံ နိုင်ငံပိုင်မြေကွက်တစ်ခုအား စျေးကွက်တန်ဖိုးအောက် ဆယ်ဆနီးပါး နည်းပါးသော နှုန်းထားတစ်ရပ်ဖြင့် ၂၀၁၆ ခုနှစ်က ရောင်းချခဲ့မှု ကိစ္စ ပေါ်ပေါက်ထားခဲ့ခြင်း ဖြစ်ပြီး ယင်းကိစ္စကြောင့်လည်း မစ္စတာ အာဘေးအစိုးရမှာလည်း အပြင်းအထန် ဖိအားပေးဝေဖန်ခံရမှုများနှင့် ကြံုတွေ့ထားခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly