ဇွန် ၅၊ လစ္စဘွန်း။ ။ စီရော်နယ်ဒိုဟာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားရပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် ပေါ်တူဂီ အသင်းဖော်တွေနဲ့ပူးပေါင်းပြီး လေ့ကျင့်နေပြီဖြစ်ပါတယ်။
ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့ အားအထားရဆုံး ကစားသမားဟာ ပြီးခဲ့တဲ့တစ်ပတ်ကို ချစ်သူ ဂျော်ဂျီနာနဲ့အတူ ဖြတ်သန်းခဲ့ပြီး နောက်မှာတော့ တနင်္လာနေ့မှာ ပေါ်တူဂီအသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ ပါဝင်လာခဲ့တာပါ။
အသက် ၃၃ နှစ်အရွယ်ကစားသမားဟာ ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲကို သူ့ရဲ့ လေးကြိမ်မြောက်ပြိုင်ပွဲအဖြစ် ပါဝင်ကစားမှာဖြစ်ပြီး ယခင် သုံးကြိမ်က အောင်မြင်မှုမရခဲ့တာကို ဒီတစ်ကြိမ်မှာတော့ ချိုးဖျက်နိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။
ပေါ်တူဂီလက်ရွေးစင်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကစားဖို့ ရုရှကိုမထွက်ခွာမီ လစ္စဘွန်းမြို့မှာ အယ်လ်ဂျီးရီးယားအသင်းနဲ့ ခြေစမ်းမှာ ဖြစ်ပါတယ်။
စီရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ဖလားကို ရီးယဲလ်မက်ဒရစ်အသင်းနဲ့ သုံးနှစ်ဆက်တိုက်ရယူပြီးနောက်မှာ ပေါ်တူဂီအသင်းရဲ့ လေ့ကျင့်ခန်း အစပိုင်းရက်တွေကို အသင်းနဲ့ပူးပေါင်းစရာမလိုဘဲ အနားရခဲ့တာဖြစ်ပါတယ်။
ဒါကြောင့်ပဲ သူဟာ ဒီတစ်ပတ်မှာယှဉ်ပြိုင်ကစားတဲ့ ပေါ်တူဂီအသင်းရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအကြို ခြေစမ်းပွဲနှစ်ပွဲကို လွဲချော်ခဲ့ရတာပါ။
ပေါ်တူဂီအသင်းအနေနဲ့ စီရော်နယ်ဒိုမပါတဲ့ ခြေစမ်းပွဲနှစ်ပွဲစလုံးကို အနိုင်ရအောင်မကစားနိုင်ခဲ့ဘဲ တူနီးရှားကို နှစ်ဂိုးစီစရေ၊ ဘယ်လ်ဂျီယံကို ဂိုးမရှိသရေ ကျခဲ့ပါတယ်။
ပေါ်တူဂီအသင်းဟာ ကမ္ဘာ့ဖလားအုပ်စု B မှာ စပိန်၊ မော်ရိုကို၊ အီရန်တို့နဲ့ အတူကျရောက်နေပြီး ဇွန် ၁၅ မှာ အဖွင့်ပွဲအဖြစ် စပိန်အသင်းနဲ့ စတင်ကစားရမှာဖြစ်ပါတယ်။
Ref; Daily Mail