အကျဉ်းထောင် ၈ ခုမှ တက္ကသိုလ်ဝင်တန်းအောင်မြင်သူ အကျဉ်းသူ၊ အကျဉ်းသား ၄၇ ဦးရှိ

အကျဉ်းထောင် ၈ ခုမှ တက္ကသိုလ်ဝင်တန်းအောင်မြင်သူ အကျဉ်းသူ၊ အကျဉ်းသား ၄၇ ဦးရှိ
 ဓာတ်ပုံ- အကျဉ်းဦးစီးဌာန

 

ရန်ကုန်၊ မေလ ၂ ။                ။ မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များအနက် အကျဉ်းထောင် ၈ ခုရှိ စာစစ်ဌာနများမှ တက္ကသိုလ်ဝင်တန်း အောင်မြင်သူ အကျဉ်းသူ၊ အကျဉ်းသားပေါင်း ၄၇ ဦး ရှိပြီး အောင်မြင်မှုရာခိုင်နှုန်း ၄၅ ဒသမ ၁၉ ရာခိုင်နှုန်း အထိ ရှိကြောင်း သိရသည်။

ယနေ့ မေလ ၂ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၊အကျဉ်းဦးစီးဌာ၏ အကျဉ်းထောင်များမှ ၂ဝ၁၇- ၂၀၁၈ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်သူများ၊ ရိုးရိုးအောင်မြင်သူများနှင့် ကျရှုံး သူများစာရင်းချုပ်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ထုတ်ပြန်ခဲ့ရာတွင် အင်းစိန်၊ မန္တလေး၊ ဘားအံ၊ စစ်တွေ၊ မြိတ်၊ မြောင်းမြ၊ တောင်ငူနှင့် ရွှေဘို အကျဉ်း ထောင်များမှ အကျဉ်းသား ၉၆ ဦး၊ အကျဉ်းသူ ၈ ဦး၊ စုစုပေါင်း ၁ဝ၄ ဦးက ဝင်ရောက်ဖြေဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြေဆိုခဲ့သူ ၁ဝ၄ ဦးရှိသည့်အနက် အကျဉ်းသား ၄၃ ဦးနှင့် အကျဉ်းသူ ၄ ဦး၊ စုစုပေါင်း ၄၇ ဦး အောင်မြင်ခဲ့ပြီး ၅၇ ဦး ကျရှုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

တက္ကသိုလ်ဝင်တန်းအောင်မြင်သူများတွင် ဂုဏ်ထူးရရှိသူများလည်းပါဝင်ခဲ့ပြီး ၃ ဘာသာဂုဏ်ထူးရရှိသူ ၅ ဦး၊ ၂ ဘာသာဂုဏ်ထူးရရှိသူ ၅ ဦး၊ ၁ ဘာသာဂုဏ်ထူးရရှိသူ ၁၈ ဦး၊ စုစုပေါင်း ဂုဏ်ထူးရရှိသူ ၂၈ ဦးထိရှိပြီး ရိုးရိုး အောင်မြင်သူ ၁၉ ဦးရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly