အသွင်ကူးပြောင်းနေသည့် နိုင်ငံနှင့် တည်ငြိမ်အေးချမ်းရေးနှင့် အလုံးစုံဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းစဉ်

အသွင်ကူးပြောင်းနေသည့် နိုင်ငံနှင့် တည်ငြိမ်အေးချမ်းရေးနှင့် အလုံးစုံဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းစဉ်
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

 

ဇွန် ၂ ။                  ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရအဖွဲ့ နိုင်ငံမှာ တာဝန်ယူအုပ်ချုပ်လာခဲ့တာဟာ ၂၀၁၈ ခုနှစ် ဧပြီလဆိုရင် ၂ နှစ်တင်းတင်း ပြည့်မြောက်သွားခဲ့ပြီဖြစ်ပါတယ်။ ဒီအချိန်မှာပဲ အစိုးရဝန်ကြီးဌာနတွေနဲ့ ဗဟိုဘဏ်လိုမျိုး အခြားသော အဖွဲ့အစည်းတွေဘက်က ၎င်းတို့ရဲ့ ဆောင်ရွက်ပြီးစီးထားတဲ့ စွမ်းဆောင်ရည်အကဲဖြတ်ချက်တွေနဲ့ပတ်သက်လို့ အသီးသီး ထုတ်ပြန်ရှင်းလင်းတင်ပြခဲ့ကြပါတယ်။ ယခုလတွင်းမှာပဲ သတင်းစာရှင်းလင်းပွဲတွေကနေတဆင့် ယင်းတို့ရဲ့ အောင်မြင်တဲ့ ဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့ တင်ပြကြပါတယ်။ ခုလိုမျိုး အလားတူ စွမ်းဆောင်ရည် အကဲဖြတ်သုံးသပ်ချက်တွေကို ၂၀၁၇ ခုနှစ်ကလည်း တင်ပြခဲ့သလိုပဲ ယခုနှစ် တင်ပြမှုကတော့ အစိုးရတစ်ရပ်ရဲ့ သင့်တင့်ကောင်းမွန်တဲ့ လုပ်ထုံးလုပ်နည်းတစ်ရပ်အတိုင်း ဆက်လက်လုပ်ဆောင်လာခြင်း ဖြစ်ပါတယ်။ ဖြစ်နိုင်တာကတော့ ဒီလို တင်ပြမှုတွေကြောင့် ကျွန်တော်တို့အနေနဲ့ နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍတွေမှာ ဖြစ်ထွန်းတိုးတက်မှုအခြေအနေတွေကို သုံးသပ်ဆင်ခြင်နိုင်ခွင့်ရစေမှာ ဖြစ်သလို ရှေ့လာမယ့် သုံးနှစ်မှာ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ဒီမိုကရေစီကျင့်သုံးမှု လုပ်ငန်းစဉ်ကို ပိုမိုအရှိန်မြန်ဆန်စေဖို့အတွက် ရှေ့လုပ်ငန်းစဉ်တစ်ရပ် ချမှတ်စေနိုင်ဖို့ ရှိပါတယ်။

တည်ငြိမ်အေးချမ်းရေး၊ ကြီးပွားချမ်းသာ သာယာဝပြောရေးနဲ့ ဒီမိုကရေစီ တို့ကို အဓိက ရည်မှန်းချက်တွေအဖြစ် ထုတ်ဖော်ထားရင်းနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံဝန်ကြီးရုံးကတော့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးကို ဆွေးနွေးရေး စားပွဲခုံဆီ ခေါ်ဆောင်ဖို့ အစိုးရဘက်က အားထုတ်ကြိုးပမ်းမှုတွေလုပ်နေတယ်ဆိုတာကို ပြသခဲ့ပါတယ်။ သိသာထင်ရှားတဲ့ အောင်မြင်မှုတွေကတော့ ပြည်ထောင်စုငြိမ်းချမ်းရေးပူးတွဲကော်မတီ UPDJC ကို ကျယ်ပြန့်လွှမ်းခြံုတဲ့ ကိုယ်စားပြုမှုနှင့်အတူ ဖွဲ့စည်းခြင်း၊ ပူးတွဲ အပစ်ရပ်စောင့်ကြည့် ကော်မတီ JMC ဖွဲ့စည်းခြင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံညီလာခံ နှစ်ကြိမ်ကျင်းပထားခြင်း၊ အားလုံးသဘောတူသော ဖက်ဒရယ်မူများ ပထမဆုံးအကြိမ် ပါ၀င်ဖြစ်ပေါ်လာမည့် ပြည်ထောင်စုသဘောတူညီချက် Union Accord ရရှိရေးအတွက် ၂၁ ရာစု ညီလာခံရဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို ကျင်းပနေခြင်း တို့ ဖြစ်ပါတယ်။ တကယ်တမ်းဆိုရင်လည်း ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးတစ်ရပ်ကို ဆုပ်ကိုင်နိုင်ရေး လုပ်ငန်းစဉ်ဟာ ကာလကြာလုပ်ဆောင်သွားရမယ့် လုပ်ငန်းတစ်ခုဖြစ်တယ်ဆိုပေမယ့်လည်း အထက်ပါကိစ္စတွေကတော့ သိသာထင်ရှားတဲ့ တိုးတက်မှုတွေဖြစ်ပါတယ်။

သို့ပေမယ့်လည်း ရခိုင်ပြည်နယ်က အရှိန်မြင့်နေတဲ့ လူသားချင်းစာနာမှု အကျပ်အတည်းကြောင့်လည်း နိုင်ငံမှာ မတည်မငြိမ်ဖြစ်မှု နဲ့ မရေရာလှတဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး သဘောသဘာဝတို့ကတော့ ပိုမို ရေချိန်မြင့်လာနေခဲ့ပါတယ်။ ရခိုင်အကျပ်အတည်းကတော့ ၂၀၁၇ သြဂုတ်လောက်နောက်ပိုင်းကတည်းက မီဒီယာသတင်းတွေထက်မှာ လွှမ်းမိုးနေခဲ့ပါတယ်။ ယင်းဖြစ်စဉ်နောက်ပိုင်း လူပေါင်း သန်းဝက်ကျော်မျှ နေအိမ်တွေကနေ စွန့်ခွာထွက်ပြေးသွားကြပါတယ်။ ဒါဟာ နိုင်ငံရဲ့ စီးပွားရေး တည်ငြိမ်မှုအပေါ်မှာ ထားရှိတဲ့သဘောထားအမြင်ပိုင်းမှာပါ သိသာတဲ့ သဘောကွဲလွဲမှုတွေဖြစ်စေခဲ့ပါတယ်။ ဒါ့အပြင် အစိုးရဘက်က ဖွင့်လှစ်ဆောင်ကြဉ်းပေးဖို့ ရည်ရွယ်ခဲ့တဲ့ ဒီမိုကရေစီ နဲ့ စီးပွားရေး အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်တွေကို အရှိန်ရပ်တန့် တုန့်ဆိုင်းစေခဲ့ပါတယ်။

နိုင်ငံတကာမှာတော့ ဒီကိစ္စအပေါ် သဘောထားအမြင်တွေ အမျိုးမျိုး ရှိနေပါတယ်။ ဒါ့အပြင် နိုင်ငံရဲ့ လူအများစုအကြား သဘောထားအမြင်ပိုင်းမှာ မတူညီ ကွဲလွဲမှု အတိုင်းအတာတစ်ချို့ရှိနေကြပါတယ်။ အလားတူ ရခိုင်အကျပ်အတည်းအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ သဘောထားနဲ့ တုန့်ပြန်လုပ်ဆောင်မှုတွေ ရှိနေခဲ့ပါတယ်။ ဒီနေရာမှာ ရခိုင်ပြည်နယ် အလုံးစုံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကိုဖီအာနန် ကော်မတီရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်မယ်ဆိုတဲ့ ကတိကဝတ်တွေကို ထုတ်ဖော်ပြသနိုင်ရေးအလို့ငှာ မြန်မာအစိုးရဘက်က ပိုပြီး လုပ်ဆောင်ပြဖို့ လိုပါတယ်။   နေရပ်ထွက်ခွာပြေးသူတွေအတွက် ဆောင်ရွက်ပေးနိုင်ဖို့ အစိုးရအနေနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံရဲ့ ဦးဆောင်မှုအောက်မှာ လူမှုဝန်ထမ်း ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ သီးခြား ပြည်ထောင်စုအဖွဲ့တစ်ခုကို ဖွဲ့စည်းထူထောင်ထားပါတယ်။ အလားတူ ကိုဖီအာနန်ကော်မတီ ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် ထိုင်းဒုဝန်ကြီးချုပ်ဟောင်း ဦးဆောင်ပြီး ပြည်တွင်းနဲ့ ပြည်ပက ကျွမ်းကျင်သူတွေပါ၀င်တဲ့ အကြံပေးကော်မတီတစ်ခုကို ဖွဲ့စည်းထားပါတယ်။ လူသားချင်း စာနာမှု အကူအညီများအပေါ် စောင့်ကြည့်လေ့လာဖို့နဲ့ ဒုက္ခသည်တွေ မူလနေရပ်ပြန်ပို့ရေး ဆိုင်ရာ မြန်မာ-ဘင်္ဂလားဒေ့ရှ်အကြား သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့အတွက် အထူးလုပ်ငန်းအဖွဲ့တစ်ခုကို ထူထောင်ထားပါတယ်။ ဒါ့အပြင် ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ရေးနဲ့ နေရာချထားပေးရေးအတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးရဲ့ ဦးဆောင်မှုအောက်မှာ ကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားပါတယ်။ ဒီလုပ်ဆောင်ချက် အားလုံးကတော့ အစိုးရဘက်က ကတိကဝတ်အတိုင်းအင်တိုက်အားတိုက် လုပ်ဆောင်ပေးနေတာတွေကို ဖော်ညွှန်းပြသနေပါတယ်။ ဒါပေမယ့်လည်း လက်ရှိ ရှိနေတဲ့ စိန်ခေါ်မှုကတော့ ဒီလုပ်ငန်းစဉ်တွေဟာ မျှတမှု ရှိဖို့နဲ့ အားလုံးလွှမ်းခြံုပါ၀င်နိုင်ဖို့ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် နိုင်ငံတကာအေဂျင်စီတွေရဲ့ အကူအညီကို ရယူခြင်းဆိုင်ရာပိုင်းမှာ ပွင့်ပွင့်လင်းလင်းရှိပြီး လွယ်ကူအဆင်ပြေစေမယ်ဆိုတဲ့ ကတိကဝတ်ကို အစိုးရဘက်က ဖော်ထုတ်ပြသရမယ့် နယ်ပယ်ဧရိယာတစ်ခုလည်း ဖြစ်ပါတယ်။ ဒီလိုဆိုရင် ဒီလုပ်ဆောင်ချက်တွေအများစုကို ပိုမို ချောမွေ့သွားစေမှာဖြစ်သလို နောက်ထပ် ယုံကြည်မှုတွေကိုလည်း တိုးပွားသွားစေမှာ ဖြစ်ပါတယ်။

အခြားတစ်ဘက်မှာဆိုရင်လည်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးက နိုင်ငံစီးပွားရေးတိုးတက်မှုနဲ့ ပြည်သူတွေရဲ့ အတူတကွ မျှဝေချမ်းသာကြွယ်ဝသာယာမှုအပေါ် တိုက်ရိုက်သက်ရောက်မှုတွေ ရှိနေပြန်ပါတယ်။  နိုင်ငံကို တံခါးဖွင့်စနစ် စတင်ကျင့်သုံးပြီးနောက်ပိုင်း ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ရဲ့ နည်းပညာနဲ့ အခြားသော တိုးတက်ဖြစ်ထွန်းမှုတွေပိုင်းမှာ  နိုင်ငံရဲ့ အခွင့်အကောင်းရယူနိုင်မယ့် အခွင့်အလမ်းတွေနဲ့ပတ်သက်လို့ အကဲဖြတ်အများစုက ထပ်တလဲလဲ ပြောဆိုနေခဲ့ကြပါတယ်။ မိုဘိုင်းနည်းပညာကို မြန်ဆန်စွာ ရယူအသုံးပြုနိုင်ခဲ့ခြင်းက ဥပမာတစ်ရပ်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စီးပွားရေးရဲ့ ဖွဲ့စည်းတည်ဆောက်မှု ဆိုင်ရာ အသွင်ပြောင်းလဲဖော်ဆောင်ရေးနဲ့ ပြည်သူတို့ရဲ့ လူနေမှုအဆင့်အတန်းတွေကို မြှင့်တင်ပေးနိုင်ရေး ဆိုင်ရာ စိန်ခေါ်မှုကတော့ ရင်ဆိုင်ဖို့ ဖြံုလောက်တဲ့ လုပ်ငန်းတာဝန်တစ်ခုအဖြစ် ဆက်ရှိနေဆဲဖြစ်ပါတယ်။ ဒီနေရာမှာ နိုင်ငံစီးပွားရေးနဲ့ လူမှုအဖွဲ့အစည်းကို ပိုမိုမြင့်မားတဲ့ တိုးတက်မှုလမ်းကြောင်းပေါ်တွေဆီ ဆွဲတင်ဦးတည်ပေးနိုင်ရေးအတွက် အကျပ်အတည်းကနေ အခွင့်အရေးအဖြစ် ပြောင်းလဲခြင်းက တကယ်လုပ်ဆောင်ရမယ့်ကိစ္စဖြစ်သလို မြန်မာနိုင်ငံအတွက်လည်း အောင်မြင်နိုင်ခြေရှိတဲ့ ကိစ္စဖြစ်ပါတယ်။ ဒီအတွက်ဆိုရင် ဘက်စုံ ချဉ်းကပ်ဆောင်ရွက်မှုတွေ လိုအပ်ပြီး ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ စီးပွားရေး အသွင်ကူးပြောင်းဖော်ဆောင်မှုတို့ကိုလည်း ဆက်စပ်ကိစ္စတွေအဖြစ် ကိုင်တွယ်သွားရမှာဖြစ်ပါတယ်။

မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာမှာဆိုရင်လည်း တိုးတက်မှုပိုင်းအရ အကောင်းမြင်တဲ့ မှန်းဆမှုတစ်ရပ်ကို ဖော်ညွန်းခဲ့တယ်ဆိုပေမယ့်လည်း စီးပွားရေးဆိုင်ရာ ယုံကြည်မှု တည်ဆောက်ဖို့ လိုအပ်နေတယ်ဆိုတာကိုတော့ မီးမှောင်းထိုးပြသခဲ့ပါတယ်။ ယင်းထဲမှာ ဆိုရင် "စွမ်းဆောင်ရည်ပိုင်းမှာ ဆက်ပြီး အားကောင်းနေသလို  စီးပွားရေး အလားအလာဆိုင်ရာ သုံးသပ်ချက်ပိုင်းက ကောင်းမွန်နေတယ်ဆိုပေမယ့်လည်း တစ်ဘက်မှာလည်း ပြုပြင်ပြောင်းလဲမှုပိုင်း အရှိန်နှေးကွေးနေမှု၊ ဘဏ္ဍာရေးကဏ္ဍထဲမှာ ပျော့ကွက်တွေရှိနေမှု ဆိုတဲ့ စိုးရိမ်ပူပန်စရာတွေ ရှိနေသလို ရခိုင်က လူသားချင်းစာနာမှု အကျပ်အတည်းကို ကိုင်တွယ်မှုပိုင်းမှာ အကန့်အသတ်နဲ့သာ တိုးတက်နေမှုက စီးပွားရေးဆိုင်ရာ သဘောထားအမြင်ပိုင်းအပေါ် စတင်ထိခိုက်စေလာပြီး စွမ်းဆောင်မှုပိုင်းအပေါ်ကိုပါ အားနည်းစေနိုင်ပါတယ်" ဆိုပြီး ဖော်ပြထားပါတယ်။ UMFCCI က လုပ်ဆောင်ခဲ့တဲ့ စီးပွားရေးဆိုင်ရာ သဘောထားအမြင် စစ်တမ်းကောက်ယူမှုတစ်ခုအရ ဆိုရင်လည်း  ပြည်တွင်းရော၊ ပြည်ပက ကုမ္ပဏီတွေရောဟာ ခုချိန်မှာ  စီးပွားရေးလောကအဝန်းအဝိုင်းထဲမှာ ယိုယွင်းလာနေတယ်လို့ ခံစားနေကြရသလို မူဝါဒပိုင်းဆိုင်ရာ များစွာသော မသေချာမရေရာမှုတွေ၊ မူဝါဒအကောင်အထည်ဖော်မှုပိုင်းအားနည်းမှုတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဆိုထားပါတယ်။ ခုလို စီးပွားရေးဆိုင်ရာ ယုံကြည်ချက် ကျဆင်းမှု ဖြစ်ပေါ်နေတဲ့ အလားအလာနဲ့ ပတ်သက်လို့ ဖော်ညွန်းရာမှာတော့ UMFCCI ရဲ့ လေ့လာချက်မှာတော့ ကျွမ်းကျင်လုပ်သား ရှားပါးမှု၊ မသင့်လျော်တဲ့ အခွန်စနစ် ရှိနေမှု၊ ပြည်တွင်းစျေးကွက်ထဲ တရားမဝင် ကုန်ပစ္စည်းတွေ အလုံးအရင်း ၀င်ရောက်နေမှု တို့ဟာ ပြည်တွင်းနဲ့ ပြည်ပ ကုမ္ပဏီတွေအကြား ဖြစ်ပေါ်နေတဲ့ အားမလိုအားမရမှုတွေကို ပံ့ပိုးပေးနေတဲ့အချက်တွေဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒီနေရာမှာ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပဲ့ကိုင်သူနေရာ အပြောင်းအလဲ ဖြစ်ခြင်းကလည်း ဒီလို သဘောထားအမြင်ကို အလျင်အမြန်ပြောင်းလဲသွားစေမယ်လို့ မျှော်လင့်ရပါတယ်။ စီးပွားရေး အသွင်ကူးပြောင်းမှုတွေကို အရှိန်မြှင့်တင်ခြင်းက အားချင်း လုပ်ရမယ့် ကိစ္စတစ်ခုဖြစ်ပါတယ်။

ဒီလို အခြေအနေတွေအောက်မှာ နိုင်ငံကို အလုံးစုံ ဖွံ့ဖြိုးစေပြီး တည်ငြိမ်အေးချမ်းမှု ရရှိစေအောင်လို့ မြန်မာအစိုးရရဲ့ ရှေ့ဆက်လက်လုပ်ဆောင်သွားမယ့် ဖြစ်နိုင်ဖွယ် ဦးတည်ရာ လမ်းကြောင်းက ဘယ်လိုဖြစ်လာနိုင်သလဲ ဆိုတာကတော့  သုံးသပ်သူတိုင်း ကြံုတွေ့ရမယ့် မေးခွန်းတစ်ခု ဖြစ်ပါတယ်။ ခုချိန်မှာ စီးပွားရေး ဖွ့ံဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်စေနိုင်ပြီး ပြည်သူတို့ရဲ့ ကောင်းကျိုးတွေကို တိုးတက်စေနိုင်ဖို့အတွက် အစိုးရနဲ့ ဖွံ့ဖြိုုးရေး ပါ့တနာတွေ ဟန်ချက်ညီညီ ပူးပေါင်းလုပ်ဆောင်သွားနေတယ်ဆိုတဲ့ လက္ခဏာရပ်တွေတော့ ရှိနေပါတယ်။ မြန်မာ့စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု စီမံချက် MSDP ဟာဆိုရင် ရေလတ်ကာလမှာ နိုင်ငံကို ဖွံ့ဖြိုးတည်ငြိမ်မှုတွေဆီ ချီတက်နေတာကို မြင်တွေ့ရနိုင်မယ့် ထိုကဲ့သို့သော မူဘောင်တစ်ခုဖြစ်ပါတယ်။  နောက်ဆုံးအဆင့် ပြင်ဆင်မှုတွေမှာ ရှိနေတဲ့ ယခုအစီအစဉ် MSDP ကတော့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး၊ ချမ်းသာကြွယ်ဝ သာယာဝပြောရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ပြည်သူနဲ့ ကမ္ဘာတို့ရဲ့ ကောင်းကျိုးရရှိရေးကို ဦးစားပေးရေး၊ အခြေခံကျသည့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်စေရေး၊  မြန်မာနိုင်ငံကို အနာဂတ် ဖွံ့ဖြိုးရေး လမ်းကြောင်းဆီ ကူးပြောင်းရောက်ရှိစေနိုင်မည့် တစ်ဦးချင်းနဲ့ အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊  ပြည်သူတို့ရဲ့ လိုအပ်ချက်တွေကို ကိုင်တွယ်ဖြေရှင်းရေး၊ ရေရှည်မှာ မျှတကျယ်ပြန်တဲ့ တိုးတက်မှုတွေဖြစ်ပေါ်ရေးတို့ကို ရည်ရွယ်ပါတယ်။ MSDP ကို အောင်မြင်အောင် ဖော်ဆောင်ရာမှာ အရေးပါတဲ့ အချက်ကတော့ အစိုးရနဲ့ ဖွံ့ဖြိုးရေးပါ့တနာတွေတို့ရဲ့ ဘက်ဂျက်အရင်းအမြစ်ဆိုင်ရာ ကတိပြုဖော်ဆောင်လုပ်ကိုင်မှု ဖြစ်ပါတယ်။ ပြည်တွင်း အရင်းအမြစ် ပိုင်းကို တိုးတက်စေဖို့က အရေးကြီးသလို တီထွင်ဆန်းသစ်ထားတဲ့ အခွန်မူဝါဒတွေနဲ့ ထိရောက်တဲ့ အခွန်စီမံမှုတွေကနေတဆင့် ယင်းကို အောင်မြင်စေနိုင်ပါတယ်။ ဒါ့အပြင် အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုပိုင်းမှာ ဆန်းသစ်တီထွင်မှု ပုံစံမော်ဒယ်တွေ ကျင့်သုံးခြင်းကိုလည်း လုပ်ဆောင်နိုင်ပါတယ်။

 

Mizzima Weekly