၁၅ နှစ်ကြာ စာသင်ဆောင် ပျက်စီးနေမှု ပြုပြင်မှုမရှိသေး၍ ဖြစ်သလို သင်ကြားနေရဟုဆို

၁၅ နှစ်ကြာ စာသင်ဆောင် ပျက်စီးနေမှု ပြုပြင်မှုမရှိသေး၍ ဖြစ်သလို သင်ကြားနေရဟုဆို

 

ဇွန် ၂၊ မုံရွာ ။                               ။ စစ်ကိုင်းဒေသကြီး မုံရွာမြို့နယ် သာယာစုကျေးရွာရှိ အမှတ် (၇၇) အခြေခံပညာ မူလတန်းကျောင်းခွဲသည် ၁၅ နှစ်ကြာ ယိုင်နဲ့နေသဖြင့် မျောတိုင်များဖြင့် ကျားကန်ထားပြီး ကျောင်းသား/ကျောင်းသူများအတွက် အန္တရာယ်ရှိသည့် အတွက် ပြင်ပတွင် ဖြစ်သလို စာသင်ကြားနေရကြောင်း ကျောင်းအုပ် ဆရာမ ဒေါ်ဇင်မာထွန်းက ပြောသည်။

စာသင်ကြားရန် အခြားစာသင်ဆောင်မရှိ၍ ယမန်နှစ် ပညာသင်နှစ်ကလည်း အနီးရှိ ဘုန်းကြီးကျောင်းဝန်းနှင့် သစ်ပင်အောက်တွင် စာသင်ကြားရပြီး ယခုလက်ရှိ အန္တရာယ်အဆောင် စာရင်းသွင်း၍ ပညာရေးဌာနသို့ တင်ပြထားကြောင်း သိရသည်။

'' စာသင်ဆောင် စဆောက်ကတည်းက ဘက်ဂျက်မလောက်တော့ တစ်ပိုင်းတစနဲ့ ပစ်ထားတယ်။ အစတုန်းက ဆို နေပူပူ၊ မိုးရွာရွာ အမိုးလည်းမရှိဘူး ။ ဒီတိုင်းသင်ရတယ်။  နောက်မှ အလှူရှင်ရှိတော့မှ အကာတွေ၊အမိုးတွေ တပ်ရတယ်။ စာသင်ဆောင်က စောင်းနေတော့ မျောတိုင်တွေနဲ့ထောက်ထားရတယ်။ တံခါးတွေလည်း ပျက်စီးနေတယ် ။ ဘုန်းကြီးကျောင်းမှာ သင်ရတာကလည်း ခွေးတွေရှိတော့ ကလေးတွေအတွက် အန္တရာယ်ရှိတယ် ။ မိုးရွာရင်တော့ ဒီအဆောင်ထဲမှာပဲသင်ရတယ် အန္တရာယ်မရှိလောက်ဘူးဆိုပြီးတော့ သင်နေရာတယ် " ဟု ကျောင်းအုပ်ဆရာမ ဒေါ်ဇင်မာထွန်းက ပြောသည်။

အဆိုပါကျောင်းတွင် ကျောင်းသား/ကျောင်းသူ ၃၈ ဦး၊ ဆရာမ ၄ ဦး၊ ကျောင်းအုပ်ဆရာမကြီး ၁ ဦးရှိပြီး ကလေးငယ်များအတွက် စာရေးကရိယာများလည်း လိုအပ်နေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly