ဇွန်လ ၁၂ ရက် ကင်မ်ဂျံုအန်းနှင့် တွေ့ဆုံမည်ဟု ဒေါ်နယ်ထရမ့် အတည်ပြု

ဇွန်လ ၁၂ ရက် ကင်မ်ဂျံုအန်းနှင့် တွေ့ဆုံမည်ဟု ဒေါ်နယ်ထရမ့် အတည်ပြု

ဇွန် ၂ ။              ။ မူလစီစဉ်ထားခဲ့အတိုင်း လာမည့် ဇွန်လ ၁၂ ရက် စင်ကာပူတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျံုအန်းနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇွန် ၁ ရက်တွင် အတည်ပြုကြေညာသွားခဲ့သည်။

ယင်းအတွက်ကြောင့် ၎င်းတို့ နှစ်ဦးအကြား တွေ့ဆုံမည့် ထိပ်သီးအစည်းအဝေးမှာ မူလ စီစဉ်ထားခဲ့သည့်အတိုင်း အမှန်တကယ် ဖြစ်မြောက်လာတော့မည် ဖြစ်သည်။

ယခုရက်ပိုင်းအတွင်း ပြုံယမ်းဘက်မှ ထိပ်သီးအရာရှိကြီးတစ်ဦး မျှော်လင့်မထားဘဲ အမေရိကန် ဘဲဥပုံ ရုံးခန်းသို့ လာရောက်ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီးနောက်  ယခုကဲ့သို့ ထရမ့်နှင့် ကင်မ်အကြား ထိပ်သီးအစည်းအဝေး လက်တွေ့အမှန်တကယ်ဖြစ်မြောက်ရန် အကြောင်းဖန်လာခဲ့ခြင်း ဖြစ်သည်။

ထရမ့်နှင့် ကင်မ် တို့ တွေ့ဆုံကြမည့် အဆိုပါ ထိပ်သီးအစည်းအဝေးကို မူလက ဇွန်လ ၁၂ ရက် စင်ကာပူတွင် ကျင်းပကြမည်ဟု သဘောတူညီမှု ရထားခဲ့သော်လည်း နောက်ပိုင်းတွင် ယင်းအစည်းအဝေးကို ဖျက်သိမ်းကြောင်း ထရမ့်ဘက်က ကြေညာခဲ့သည့်အတွက် အခြေအနေမှာ ကမောက်ကမ ဖြစ်ခဲ့ရသည်။

သို့ရာတွင် နောက်ပိုင်း အဆိုပါ ထိပ်သီးအစည်းအဝေးဖြစ်မြောက်ရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများကို အားထုတ်ဆောင်ရွက်ခဲ့ပြီးနောက် ယခုအခါကျမှ အဆိုပါ အစည်းအဝေးကို မူလစီစဉ်ထားသည့်အတိုင်း ပြန်ကျင်းပမည်ဆိုသည့် အဖြေထွက်လာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စင်ကာပူ ထိပ်သီးအစည်းအဝေးတွင် ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေး၊ ဆယ်စုနှစ်များစွာကြာ ကိုရီးယားစစ်ပွဲ တရားဝင် ပြီးဆုံးရေး ကိစ္စတို့ကို အဓိက ဆွေးနွေးမည်ဟု ထရမ့်က သတင်းထောက်များကို ပြောသွားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags