သမိုင်းဝင်တွေ့ဆုံပွဲဖြစ်မြောက်ဖို့ အခြေအနေကောင်းနေသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောဆို

သမိုင်းဝင်တွေ့ဆုံပွဲဖြစ်မြောက်ဖို့ အခြေအနေကောင်းနေသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောဆို

နယူးယောက်၊ ဇွန် ၁ ။                          ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပေက မြောက်ကိုရီးယားနှင့် အမေရိကန်တို့၏ သမိုင်းဝင်တွေ့ဆုံပွဲ ဖြစ်ပေါ်လာနိုင်မည့် အခွင့်အရေးကြီး အချည်းအနှီးဖြစ်သွားခဲ့ပါက အထူးဝမ်းနည်းရမည်ဟု ကြာသာပတေးနေ့ က ပြောဆိုခဲ့ပြီး သမိုင်းဝင်တွေ့ဆုံပွဲဖြစ်မြောက်ဖို့အတွက် ဆွေးနွေးခဲ့မှုသည် လမ်းမှန်ပေါ်၌သွားနေကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။

ပွန်ပေသည် ပြီးခဲ့သော ဗုဒ္ဓဟူးနေ့နှင့် ကြာသာပတေးနေ့တို့က နယူးယောက်၌ မြောက်ကိုရီးယားမှ ရာထူးကြီး ခေါင်းဆောင်တစ်ဦးဖြစ်သူ ကင်မ်ယုံချိုလ်နှင့် တွေ့ဆုံပြီး ထိပ်သီးစည်းဝေးပွဲဖြစ်မြောက်လာရန်အတွက် စေ့စပ် ညှိုနှိုင်းမှုများကို ပြုလုပ်ခဲ့အပြီးတွင် ယခုလိုသတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ထိပ်သီးစည်းဝေးပွဲကျင်းပဖို့အတွက် ကျုပ်တို့ဟာ ပြီးခဲ့တဲ့ ရ၂ နာရီအတွင်း လိုအပ်ချက်တွေ၊ သတ်မှတ်ချက် တွေကို ဆွေးနွေးပြောဆိုခဲ့ပြီး မှန်ကန်တဲ့တိုးတက်မှုတွေ ရရှိလာခဲ့ပါတယ်” ဟု ပွန်ပေက ဆိုခဲ့သည်။

မြောက်ကိုရီးယားအာဏာရပါတီ၏ ဒုတိယခေါင်းဆောင်တစ်ဦးဖြစ်သူ ကင်မ်ယုံချိုလ်သည် ၀ါရှင်တန်သို့ သွားရောက်ကာ သမ္မတဒေါ်နယ်ထရမ့်ထံသို့လိပ်မူပြီး ရေးသားလိုက်သည့် ကင်မ်ဂျံုအမ်း၏စာကို ကိုယ်တိုင် သွားရောက်ပေးပို့မည်ဟုလည်း ပွန်ပေက ပြောခဲ့သည်။

သတင်းစာရှင်းလင်းပွဲ၌ ပွန်ပေက မြောက်ကိုရီးယားနှင့် အမေရိကန်တို့ကြားရှိ ဆက်ဆံရေးမှာ အရေးပါသော အခြေအနေတွင်ရှိနေပြီး ထရမ့်နှင့် ကင်မ်ဂျံုအမ်းတို့၏ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပေါ်လာနိုင်သည်ဟု ဆိုခဲ့သည်။

ကနဦးက စင်္ကာပူနိုင်ငံ၌ လာမည့်ဇွန်လ ၁၂ ရက်နေ့တွင် ထရမ့်နှင့် ကင်မ်တို့ တွေ့ဆုံဆွေးနွေးကြမည်ဟု သဘောတူညီထားခဲ့သော်လည်း ပြီးခဲ့သောအပတ် ကြာသာပတေးနေ့က ဆွေးနွေးပွဲကို ဖျက်သိမ်းသည်ဟု ထရမ့်ဘက်မှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း နောက်တစ်ရက်အကြာတွင် ထရမ့်ကိုယ်တိုင်က ဆုံးဖြတ်ချက်ကိုပြင်ဆင်ခဲ့ပြီး သမိုင်းဝင်တွေ့ဆုံ ပွဲကို စီစဉ်ထားသည့်အတိုင်း ဆက်သွားမည်ဟု ပြောဆိုခဲ့သည်။

ထို့ကြောင့် ယခုအခါတွင် မြောက်ကိုရီးယားနှင့် အမေရိကန်တို့မှ ထိပ်သီးခေါင်းဆောင်များသည် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်လာအောင် အဖက်ဖက်မှ ညှိုနှိုင်းဆွေးနွေးနေကြခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags