ရခိုင်​ကမ်းရိုးတန်းဒေသတွင် နေထိုင်သူများအား တခြား နေရာသို့ ရွှေ့ပြောင်းနေထိုင်ရန် သတိပေး

ရခိုင်​ကမ်းရိုးတန်းဒေသတွင် နေထိုင်သူများအား တခြား နေရာသို့ ရွှေ့ပြောင်းနေထိုင်ရန် သတိပေး

 

ကျောက်ဖြူ၊ မေလ ၃၀ ရက်။                       ။ မုန်တိုင်းဦးတည် တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းထားသော ရခိုင်ပြည်နယ် ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့ရှိ ကမ်းရိုးတန်းတို့တွင် ယာယီတဲအိမ်ဆောက်လုပ်ကာ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသူများကို ပင်လယ်ထဲသို့ ငါးဖမ်းမသွားရန်၊ ၎င်းတို့၏ မူလနေအိမ်များသို့ ပြောင်းရွှေ့နေထိုင်ရန် သတိပေးထားကြောင်း ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က RiA သို့ ပြောသည်။

“ပင်လယ်ကမ်းရိုးတမ်းမှာ ရေတွေဘာတွေတက်မှာစိုးလို့။ အရေးကြီးတဲ့ ပစ္စည်းတွေ၊ အဓိက ကလေးတွေနဲ့ မိန်းမတွေကို ရွှေ့ဖို့အတွက် အသိပေးဆော်သြနေတယ်။ ရွာနဲ့အနီး ကမ်းစပ်တွေမှာ ပိုက်တဲတွေရှိတယ်။ အဲဒီမှာ မိသားစုအလိုက် ချက်ပြုတ်စားသောက်လို့ရှိကြတယ်။ ရွာထဲမှာလည်း အိမ်ရှိတယ်။ အဲဒါကြောင့် ပိုက်တဲမှာ မနေဖို့။ ကိုယ့်အိမ်မှာ ကိုယ်ပြန်နေဖို့ ဆော်သြတာပါ။ ရွာလုံးကျွတ် ပြောင်းတာမဟုတ်ဘူး။”

အရေးပေါ် အခြေအနေ ကျရောက်လာလျှင် ပြည်သူများအတွက် ဆန်နှင့် ရိက္ခာများအပါအဝင်၊ ရွက်ဖျင်တဲများ၊ တစ်ခြားလိုအပ်နိုင်သည့် ပစ္စည်းများကို အဆင့်သင့်ပြုလုပ်ထားပြီဖြစ်ကြောင်းလည်း သိရသည်။

ထိုနည်းတူစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် INGO တို့မှလည်း ကူညီကယ်ဆယ်ရေးများဆောင်ရွက် ကားနှင့် ဝန်ထမ်းများကိုလည်း စီစဉ်ထားသည်ဟု ဆိုသည်။

ယနေ့နံနက်ပိုင်းက မာန်အောင်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါ်သို့ အုန်းပင်လဲကျ၍ လူတစ်ဦးသေဆုံးကာ တစ််ဦးဒါဏ်ရာရရှိခဲ့သလို နေအိမ်မှာလည်း ပျက်စီးသွားပြီးကြောင်း သိရသည်။

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်သည် ရခိုင်ပြည်နယ် အရှေ့မြောက်ဖက် မာန်အောင်နှင့် ကျောက်ဖြူမြို့နယ်များကို ဦးတည်ရွှေ့လျားနေကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာ ဦးထွန်းလွင်ကလည်း မုန်တိုင်းသတိပေးချက် ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly