ဝန်ကြီးချုပ်ဟောင်း ဦးနု၏ ၁၁၁ နှစ်ပြည့်မွေးနေ့ ရန်ကုန် တွင် ကျင်းပ

ဝန်ကြီးချုပ်ဟောင်း ဦးနု၏ ၁၁၁ နှစ်ပြည့်မွေးနေ့ ရန်ကုန် တွင် ကျင်းပ
ဓာတ်ပုံ - သူရ

 

ရန်ကုန် မေ ၂၉ ။                    ။ မြန်မာနိုင်ငံ၏ပထမဆုံးဝန်ကြီးချုပ်ဦးနု၏ ၁၁၁ နှစ်ပြည့် မွေးနေ့ကို ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ ချမ်းမြေ့ရိပ်သာ တွင် မေလ ၂၉ ရက်နေ့က ကျင်းပခဲ့သည်။

ဦးနု၏မိသားစုဝင်များ၊ ဝါရင့်စာရေးဆရာကြီးများ၊  နိုင်ငံရေးသမားကြီးများနှင့် ဦးနုထာဝရရံပုံငွေအဖွဲ့တို့ ပူးပေါင်း ပြီး ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ ဦးနု၏ မွေးနေ့ပွဲကို နှစ်စဉ်နှစ်တိုင်း ချမ်းမြေ့ရိပ်သာတွင် ပြုလုပ်ခဲ့သည်မှာ ၂၄ နှစ် ရှိပြီကာ ယခင်က  တားမြစ်ပိတ်ပင် မှု ရှိခဲ့သည်ဟု ကဗျာဆရာမောင်သွေးသစ်က မဇ္ဈိမ သို့ ပြောသည်။

" အရင်က နည်းနည်း ရုတ်ရုတ်ဖြစ်လာပြီဆိုရင် ဒီနေရာ မှာ ကျွန်တော်တို့လုပ်ခွင့်မရပါဘူး၊ ကျွန်တော်တို့မှာ နှစ် စဉ် ဒီရက်က ရွှေ့လို့မရပါဘူး၊ ဘာကြောင့်လဲဆိုတော့ ဒါက ဘကြီးနုရဲ့ မြန်မာမွေးနေ့၊ ဟိုနေ့ကလုပ်တဲ့ဟာက အင်္ဂလိပ်လို မေ ၂၅ ၊ အဲဒီတော့ နယုန်လပြည့်နေ့ နေ့ တိုင်း၊ နေ့တိုင်း ကျွန်တော်တို့ ဒီမှာ လုပ်လာတာ ၂၄ နှစ် ရှိပြီ" ဟု ကဗျာဆရာမောင်သွေးသစ်က ပြောသည်။

မွေးနေ့အခမ်းအနားတွင် ကဗျာဆရာမောင်သွေးသစ်က ဦးနု၏ နိုင်ငံရေးဖြတ်သန်းမှုပုံရိပ်များနှင့် စာပေလက်ရာ များကို ဟောပြောဝေမျှခဲ့သည်။ ယင်းနောက် နေ့လည် ပိုင်းတွင် ဦးနုကို ရည်စူးပြီး သံဃာတော်များကို ဆွမ်းကပ် လှူဒါန်းခဲ့သလို ကြွရောက်လာကြသူများကိုလည်း နေ့လည် စာကျွေးမွေးကုသိုလ် ပြုခဲ့သည်။

ဦးနုသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် အလွန်ရင်းနှီးသူဖြစ် ပြီး ဗိုလ်ချုပ်ရဲ့တိုက်တွန်းမှုဖြင့် နိုင်ငံရေးလှုပ်ရှားမှုများ ပြု လုပ်ခဲ့ခြင်းဖြစ်သည်ဟု ဦးနု၏သမီးဖြစ်သူ ဒေါ်သန်းသန်းနုက ပြောသည်။

" သူက နိုင်ငံရေးကိုဝါသနာပါတာထက် စာရေးချင်တယ်၊ ဒါတွေက ဖေဖေ့ရဲ့တာတေစနေသားစာအုပ်ထဲမှာ သူ သေသေချာချာရေးထားပါတယ်၊ အဲဒီစာအုပ်က လူတိုင်း လိုလိုပဲ ဖတ်ကြပါတယ်ပေါ့၊ အဲဒီစာအုပ်ထဲမှာ ပါတဲ့ အတိုင်းပဲ သူက စာရေးရတာဝါသနာပါတယ်၊ ဒါပေမယ့် မလွှဲသာ မရှောင်သာလို့၊ နောက်တစ်ခုက နိုင်ငံရေးမှာ တောက်လျှောက်ပါလာတာကတော့ ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဖေဖေက အရမ်းရင်းနှီးတယ်၊ ဖေဖေက အမြဲတမ်း ပြော တယ်၊ ညီအစ်ကိုတွေထက်တောင် ရင်းနှီးသေးတယ်၊ အင်မတန်မှ ချစ်ကြတယ်၊ ဗိုလ်ချုပ်အောင်ဆန်းက အမြဲ သူ့ကို ဆွဲခေါ်တယ်၊ ဖေဖေက တော်ပြီ၊ နိုင်ငံရေးမလုပ် တော့ဘူး၊ စာပဲရေးတော့မယ်ဆိုတာတောင် မရမက ဆွဲ ခေါ်လေ့ရှိတယ်၊ တခြားသူခေါ်ရင် ဖေဖေက ပါမှာ မဟုတ်ဘူး၊ ဗိုလ်ချုပ်က အတင်းခေါ်လို့ ဗိုလ်ချုပ်နဲ့တန်းတူ အတူတူလိုက်ပြီး နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်ခဲ့တာပါ" ဟု ဒေါ်သန်းသန်းနုက ပြောသည်။

မေလ ၂၅ ရက်နေ့ကကလည်း ရန်ကုန်၊ ဗဟန်းမြို့နယ်မှာရှိသည့် ဦးနုနေအိမ်တွင် ဦးနုပြခန်း ဖွင့်လှစ်ခဲ့ပြီး

ပြခန်းတွင် ဦးနုအသုံးပြုခဲ့သည့် အသုံးအဆောင် ပစ္စည်း များ၊ သမိုင်းဝင်ဓာတ်ပုံပေါင်း ၁၀၀၀ ကျော်နှင့် ဦးနု ရေး သားခဲ့သည့် စာအုပ်များကိုလည်း ပြသထားသည်။

ဦးနုသည် မြန်မာပြည် လွတ်လပ်ရေးရသည့် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်ကနေ ၁၉၅၆ ခုနှစ် ဇွန် ၁၂ ရက်ထိ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၉၅ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင် ကွယ်လွန်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly