စပိန်နိုင်ငံ၏ အာဏာရပါတီမှ ထိပ်သီးခေါင်းဆောင်များကို အကျင့်ပျက်ခြစားမှုဖြင့် ထောင်ဒဏ်ချမှတ်

စပိန်နိုင်ငံ၏ အာဏာရပါတီမှ ထိပ်သီးခေါင်းဆောင်များကို အကျင့်ပျက်ခြစားမှုဖြင့် ထောင်ဒဏ်ချမှတ်

မက်ဒရစ်၊ မေ ၂၉ ။         ။ စပိန်နိုင်ငံတော်တရားရုံးက လက်ရှိအာဏာရ လက်ယာယိမ်းပါတီမှ ထိပ်သီးခေါင်းဆောင်ဟောင်း ၃ ဦးကို အကျင့်ပျက်ခြစားမှုများကြောင့် ဆယ်စုနှစ် ၃ စုကျော်ခန့် ထောင်သွင်းအကျဉ်းချရန် တနင်္လာနေ့က အမိန့်ချမှတ်ခဲ့သည်။

Popular Party (PP) ၏ ဘဏ္ဍာရေးမှူးဟောင်းဖြစ်သူ လုဇ်ဘာစီနက်စ်ကို ထောင်ဒဏ် ၃၃ နှစ်နှင့် ၄လ၊ မြို့တော်ဝန်ဟောင်းဖြစ်သူ ဂွီလာမိုအော်တီဂါကို ထောင်ဒဏ် ၃၈ နှစ်နှင့် ၃ လ၊ မက်ဒရစ်ဒေသတွင်းအစိုးရအဖွဲ့ မှ ၀န်ကြီးဟောင်းဖြစ်သူ အယ်ဘာတိုလိုပက်ဇ်ဗီဂျိုအား ထောင်ဒဏ် ၃၁ နှစ်နှင့် ၉ လ အသီးသီး ချမှတ်ခဲ့ခြင်း ဖြစ်ပြီး အလွဲသုံးစားလုပ်မှု၊ လာဘ်ထိုးမှု၊ လိမ်လည်မှု၊ လိမ်လည်အတုလုပ်မှု၊ ပြည်သူ့ဘဏ္ဍာများ အလွဲသုံးစား လုပ်မှု၊ ငွေမဲခဝါချမှု၊ အခွန်ရှောင်မှုတို့အပြင် အခြားသောပြစ်မှုများစွာဖြင့် ယခုလို ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ် သည်။

ဂူအာတယ်လ်အမှုအခင်းဟု လက်ရှိအချိန်တွင်နာမည်ကြီးနေသည့် အစိုးရထိပ်သီးခေါင်းဆောင်ဟောင်းများ ထောင်ချခံရသည့် ယခုဖြစ်ရပ်အတွင်း၌ အခြားလူပေါင်း ၁၅ ဦးခန့်လည်း ပြစ်ဒဏ်ချမှတ်ခံခဲ့ရသလို ဘာစီနက်စ် ၏ ဇနီးဖြစ်သူ ရိုဆာလီယာအစ်ဂလီယက်စ်လည်း ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံခဲ့ရသည်။

တရားရုံးအနေဖြင့် အယူခံဝင်မှုများကို လက်မခံမီ လာမည့် ဗုဒ္ဓဟူးနေ့တွင် ထိုသူအားလုံးကို ထောင်ထဲသို့ ချက်ချင်းပို့ဆောင်ခြင်းပြုမပြုကို ဆုံးဖြတ်သွားမည်ဟု သိရသည်။

PP ပါတီမှ လက်ရှိစပိန်ဝန်ကြီးချုပ် မာရီယာနိုရေးဂျွိုင်းသည်လည်း ဂူအာတယ်လ်ဖြစ်ရပ်အတွင်း ငွေကြေးအရ ပါ၀င်ပက်သက်မှုများရှိပြီး ပြစ်မှုထင်ရှားသည်ဟု ကြာသာပတေးနေ့က အမိန့်ချမှတ်ခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly