လွှတ်တော်အမတ်ရာထူးအတွက် လက်ရှိရာထူးမှ ပါရာဂွေးသမ္မတနှုတ်ထွက်

လွှတ်တော်အမတ်ရာထူးအတွက် လက်ရှိရာထူးမှ ပါရာဂွေးသမ္မတနှုတ်ထွက်

အဆန်စီယွန်၊ မေ ၂၉ ။         ။ လက်ရှိပါရာဂွေးသမ္မတ ဟိုရာစီယိုကာတက်စ်သည် ဧပြီလ ၂၂ ရက်နေ့ကကျင်းပခဲ့သည့် ရွေးကောက်ပွဲများ၌ လွှတ်တော်အမတ်ရာထူးတစ်နေရာကို အနိုင်ရရခဲ့ပြီးနောက်တွင် ဇူလိုင်လ ၁ ရက်နေ့၌ ထိုရာထူးအား လက်ခံ ရယူနိုင်ရန် လက်ရှိသမ္မတတာဝန်မှ နှုတ်ထွက်တော့မည်ဟု တနင်္လာနေ့က ကြေညာခဲ့သည်။

ရာထူးနှစ်ခုကို တစ်ပြိုင်နက်တည်းတာဝန်ယူလုပ်ကိုင်ခြင်းမှ ရှောင်ကြဉ်ရန်အတွက် ကာတက်စ်အနေဖြင့် ယခုလို သမ္မတရာထူးမှ နှုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပါရာဂွေးနိုင်ငံရဲ့ သမ္မတရာထူးကနေ ကျနော်နှုတ်ထွက်တော့မယ်လို့ ကြေညာပါတယ်။ နိုင်ငံအတွက် လွှတ်တော်အတွင်းကနေ ဆက်လက်တာဝန်ထမ်းဆောင်သွားပြီး ရွေးကောက်ပွဲကာလက   ပြည်သူတွေရဲ့ တောင်းဆိုချက်တွေနဲ့ ကိုက်ညီဖို့ လက်ရှိရာထူးကနေ နှုတ်ထွက်ခဲ့တာဖြစ်ပါတယ်။ ပါရာဂွေးနိုင်ငံကို ဘုရားသခင် ကောင်းချီးပေးပါစေ” ဟု ကာတက်စ်က သူ၏တွစ်တာ၌ ရေးသားခဲ့သည်။

ကာတက်စ်၏ရာထူးကို အသက် ၆၈ နှစ်အရွယ်ရှိ လက်ရှိဒုသမ္မတ အလီရှာပွန်ချီတာက ဆက်ခံမည်ဖြစ်ပြီး သူမသည် ပါရာဂွေးနိုင်ငံ၏ ဥသျှောင်အဖြစ်ဦးဆောင်မည့် ပထမဦးဆုံး အမျိုးသမီးသမ္မတတစ်ဦးဖြစ်လာမည်ဟု သိရသည်။

သူမသည် သြဂုတ်လ ၁၅ အထိ သမ္မတအဖြစ် တာဝန်ထမ်းဆောင်သွားမည်ဖြစ်ပြီး ထို့နောက်တွင် ပြီးခဲ့သော ဧပြီလက ရွေးကောက်ပွဲ၌ အနိုင်ရခဲ့သည့် ကော်လိုရာဒိုပါတီမှ မာရီယိုအက်ဘ်ဒိုဘင်နီတက်ဇ်က လက်ခံတာဝန် ယူသွားမည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly